Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ပခုက္ကူကြက်သွန်စျေးကွက်အတွင်း မိုးကြက်သွန်သစ် ဝင်ရောက်မှုများပြား

ပခုက္ကူ ကြက်သွန်စျေးကွက်အတွင်း ယခုဒီဇင်ဘာလကုန်ပိုင်းတွင် မိုးကြက်သွန်သစ် ဝင်ရောက်မှု များပြားနေပြီး ဝယ်လက် နည်းပါးခြင်းကြောင့် အမြင့်ဆုံး တစ်ပိဿာ ကျပ် ၅၀၀ ဝန်းကျင်သာ ပေါက်စျေးရှိကြောင်း ကုန်သည်များထံမှ သိရသည်။

ပခုက္ကူနှင့်ရေစကြိုမြို့နယ်အတွင်း မြစ်ရေဝင်ဒေသများမှ ထွက်ရှိသည့် မိုးကြက်သွန်သစ်မှာ စျေးကွက်အတွင်း စတင်ဝင်ရောက်ချိန်မှစ၍ အနိမ့်စျေးဖြင့်သာ ရောင်းဝယ်နေရပြီး စိုက်ပျိုးသူ တောင်သူများ အကျိုးအမြတ်ရရန် မလွယ်ကူကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့ စျေးကွက်တွင် မိုးကြက်သွန်သစ်တစ်ပိဿာ အမြင့်ဆုံး ကျပ် ၆၀၀ ဝန်းကျင်မှ အနိမ့်ဆုံး ကျပ် ၄၅၀ ဝန်းကျင်ပေါက်စျေးရှိပြီး ဒီဇင်ဘာလ ၂၇ ရက် စျေးကွက်တွင် အမြင့်ဆုံး ကျပ် ၅၀၀ ဝန်းကျင်မှ အနိမ့်ဆုံး ကျပ်၄၀၀ ဝန်းကျင် ရောက်ရှိသွားကြောင်း သိရသည်။

“အရင်ရက်ကတော့ ဝယ်လက်လေး များလာတာနဲ့ စျေးကလည်း နည်းနည်းတက်သွားတယ်။ ဒီနေ့ ကုန်ဝင်ကလည်း ပိဿာချိန် နှစ်သိန်းလောက်ရှိတယ်။ အဝယ်အေးတော့ စျေးက တစ်ပိဿာ ၁၀၀ လောက် ပြန်ကျသွားတယ်။ ကြက်သွန်အနေအထားက ဝယ်လက်စုံမှ နယ်စပ်တွေ ပွင့်မှ အရောင်းအဝယ်စုံပြီး စျေးကောင်းတာ။ လက်ရှိစျေးတန်းကတော့ တောင်သူတွေ အဆင်မပြေနိုင်သေးဘူး” ဟု ပခုက္ကူမြို့မှ ကြက်သွန်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

ယခုနှစ် စိုက်ပျိုးချိန်တွင် မိုးရွာသွန်းမှု များပြားသည့်အတွက် အထွက်နှုန်း လျော့ကျခြင်း၊ သွင်းအားစု စျေးနှုန်းများ မြင့်တက်သည့်အတွက် ကုန်ကျစရိတ် များပြားလာခြင်းတို့ကြောင့် ကြက်သွန်တစ်ပိဿာ ထုတ်လုပ်မှု စရိတ် ကျပ် ၅၀၀ ခန့်ရှိပြီး လက်ရှိစျေးနှုန်းအရ တောင်သူများ စိုက်ပျိုးစရိတ်အရင်းပင် မရရှိကြောင်း တောင်သူ ကိုဖိုးအေးက ပြောကြားသည်။

“ ကြက်သွန်က အလုံးကြီး အသေး အစုံ ထွက်တာ။ လက်ရှိစျေးအရဆိုရင် အလုံးကြီးက အရင်းစျေးရှိသေးတယ်။ ကျန်တဲ့ ဥလတ် တို့ ဥသေးတို့ဆိုရင် စိုက်စရိတ်ရှုံးနေပြီ။ တစ်ပိဿာ ကျပ် ၆၀၀ လောက်မှ မရောင်းရရင် တောင်သူကဘယ်လိုမှမပြေလည်ပါဘူး။ ကိုယ့်လက်ထဲလည်း အကြာကြီး မထားနိုင်တော့ စျေးကျလည်းရောင်းနေရတာပါပဲ” ဟု တောင်သူ ကိုဖိုးအေးက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂ဝခုနှစ်မှစတင်၍ ကြက်သွန်စျေးနှုန်း ကျဆင်းမှုကြောင့် တောင်သူများ ဆုံးရှုံးမှု များပြားခဲ့ပြီး ယခု ၂၀၂၁ ခုနှစ်တွင်လည်း စျေးနှုန်းကျဆင်းဆဲဖြစ်သည့်အတွက် တောင်သူများ နှစ်နှစ်ဆက်တိုက် ဆုံးရှုံးမှု ကြုံတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

news-eleven.com

 

 

Read 1058 times
Rate this item
(0 votes)