Fruits & Vegetables
ဗောဓိတထောင်ဒေသ အထူးစိမ်းလန်းစိုပြည်ရေးစီမံကိန်း ပျိုးပင်ပေါင်း ၃၃၅၀၀ စုဆောင်းထား
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ခတက္တန်တောင်ကျေးရွာအနီးရှိ ဗောဓိတထောင်ဒေသအထူး စိမ်းလန်းစိုပြည်ရေးစီမံကိန်း
ဒုတိယနှစ်ဖြစ်သော ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း ၃၃၅၀၀ အား စုဆောင်းထားရှိပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဘလွင်ဦးထံမှသိရသည်။
ဗောဓိတထောင်ဒေသ အထူးစိမ်းလန်းစိုပြေရေး စီမံကိန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ရာ စီမံကိန်းပထမနှစ်အား ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် စီမံကိန်း ပထမနှစ်အတွင်း အပင်ပေါင်း ၃၃၅၀၀ အား စိုက်ပျိုးပြိးဖြစ်ကြောင်း သိရသည်။
“ ဗောဓိတထောင်ဒေသ အထူးစိမ်းလန်းစိုပြည်ရေးစီမံကိန်းရဲ့ ပထမနှစ်မှာ ပျိုးပင် ၃၃၅၀၀ စိုက်ပြီးပြီ အဲဒီအပင်တွေ အခုနွေကာလကို ဖြတ်ကျော်နိုင်ဖို့ မြေဆွေးထည့်တာတွေ၊ ရေလောင်းတာတွေလုပ်ပေးနေတယ်၊ အခု ဘဏ္ဍာရေးနှစ်မိုးရာသီမှာ အထူးစိမ်းလန်း စိုပြည်ရေးစီမံကိန်း ဧရိယာအတွင်းမှာ စိုက်မဲ့ပျိုးပင်တွေက အနိမ့်ဆုံး ရှစ်လက်မ ကနေငါးပေအထက်ရှိတဲ့ ပျိုးပင်တွေကို စုဆောင်းထားရှိပြီးဖြစ်ပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဘလွင်ဦးက ပြောသည်။
ပျိုးပင်များ စုဆောင်းထားရှိမှုအနေဖြင့် ပဲချယ်ရီအပင် ၁၁၅၀၀ ၊ ရှားပင်၂၂၀၀ ၊ တမာပင် ၆၀၀၀ ၊ မြန်မာ ကုက္ကိုလ်ပင် ၆၀၀၀ ၊ ကုလားကုက္ကိုလ် ၁၀၀၀ ၊ ဖျောက်ဆိပ် ၆၀၀၀၊ ပင်လယ်ကဗွီးပင် ၅၀၀ နှင့် ဗောဓိညောင်ပင် ၃၀၀ တို့အား ဗောဓိတထောင်သာသနာ့နယ်မြေအတွင်းရှိ ပျိုးဥယျာဉ်၌ စုဆောင်းထားရှိပြီး ဖြစ်ကြောင်း သိရသည်။
MDN