Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ခန္တီးမြို့နယ် တောင်ယာစပါး ထွက်ရှိနှုန်း လျော့နည်း

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်တွင် ယခုနှစ်အတွင်း တောင်ယာစပါးများ ထွက်ရှိနှုန်း လျော့နည်းပြီး တောင်ယာ လုပ်ကိုင်သူများ ဝမ်းစာလုံလောက်မှု မရှိနိုင်ကြောင်း သိရသည်။

ခန္တီးမြို့နယ်တွင် တောင်ယာစပါးများ ရိတ်သိမ်းပြီးကြပြီဖြစ်ပြီး ယခုနှစ်သည် ပုံမှန်နှစ်များထက် စပါးထွက်ရှိနှုန်း လျော့နည်းနေခြင်းဖြစ်ပြီး ယခင်နှစ်ကလည်း တောင်ယာစပါးရရှိမှု လျော့နည်းခဲ့ကြောင်း ခန္တီးဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ဒီနှစ် စပါးအခြေအနေ မကောင်းဘူး။ တောင်ယာသမားတွေလည်း စပါးမကောင်းဘူး။ အခု လယ်တွေ ရိတ်နေကြတာ မေးကြည့်တော့ လယ်စပါးလည်း သိပ်မကောင်းကြဘူး။ မနှစ်ကလည်း အချိန်အခါမဟုတ် ရေတက်လာတာရော တောထဲက ကြွက်တွေ လယ်ထဲ ရောက်လာတာရော ပိုးကျတာရော မနှစ်က သုံးမျိုးတောင် ခံရလို့ စပါးအရနည်းကြတယ်။ ဒီနှစ်တော့ ကြွက်လည်း မလာဘူး။ ရေလည်း မတက်ဘူး။ ဒါပေမဲ့ အထွက်နည်းပြီး ပုံမှန်ထက်ကို မရဘူး။ တချို့တောင်ယာဆို ရိတ်စရာတောင် မလိုဘူး ပြောတယ်။ စပါးရှိတဲ့နေရာ နည်းနည်းလောက်ပဲ ကွက်ပြီး ရိတ်ကြရတယ်။ ခန္တီးမှာက စပါးကို ရောင်းကုန်အထိ စီးပွားဖြစ် မစိုက်ကြပေမဲ့ ဝမ်းစာအတွက် စိုက်တယ်။ အခုစပါးအထွက်နည်းတော့ ဒီနှစ်အတွက် ဝမ်းစာတောင် မရဘူးပေါ့” ဟု ခန္တီးဒေသခံတစ်ဦးက ဆိုသည်။

ခန္တီးမြို့နယ်တွင် တောင်ယာစပါး အထွက်နည်းခြင်းမှာ မိုးရရှိမှု လျော့နည်းခြင်းကြောင့်ဖြစ်ပြီး ယခုနှစ်သည် ပုံမှန်နှစ်များထက် မိုးရရှိမှု၊ မိုးရွာသွန်းမှု လျော့နည်းခဲ့ကြောင်း သိရသည်။

“အဓိက မိုးမရတာပေါ့။ မိုးမရ မိုးနည်းတော့ တောင်ယာစပါးတွေ အထွက်နည်းသွားတယ်။ ခန္တီးမှာ ဒီနှစ် မိုးတော်တော် နည်းတယ်။ ချင်းတွင်းမြစ်ရေဆို မိုးရာသီမှာ ပုံမှန်ဆိုရင် စိုးရိမ်ရေမှတ်အထက် နှစ်ခါ သုံးခါ ရောက်တယ်။ ဒီနှစ်က စိုးရိမ်ရေမှတ်တောင် မရောက်လိုက်ဘူး”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ခန္တီးမြို့နယ်သည် မြို့နယ်တွင်း စားသုံးရန်အတွက် ဆန်စပါးကို အခြားမြို့နယ်များမှ နှစ်စဉ် ဝယ်ယူရကြောင်း သိရသည်။ ခန္တီးမြို့နယ်ရှိ ဒေသခံများသည် စပါးစိုက်ပျိုးရာတွင် ရှမ်းတိုင်းရင်းသားများက လယ်လုပ်ကိုင်ကြပြီး နာဂတိုင်းရင်းသားများက တောင်ယာလုပ်ကိုင်ကြကာ တောင်ယာစပါး စိုက်ပျိုးသူဦးရေ ပိုများကြောင်းလည်း သိရသည်။

 

news-eleven.com/

Read times Last modified on Wednesday, 15 December 2021 21:26
Rate this item
(0 votes)