India

×

Warning

JUser: :_load: Unable to load user with ID: 540


ဘယ်လိုပုံစံနဲ့ Hot Pot စားမလဲ

အများနဲ့စားပါ၊ တစ်ယောက်တည်း မစားပါနဲ့၊ ဟော့ပေါ့ရဲ့ဒီဇိုင်းကိုက မိတ်ဆွေတွေ၊ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနဲ့ ဝိုင်းဖွဲ့စားဖို့ စီမံထားတာပါ။

 

စိတ်ရှည်ပါ၊ ဟော့ပေါ့စားတဲ့အခါ စိတ်ရှည်ရှည်ထားပါ၊ ခင်ဗျား ဟော့ပေါ့စားရင်း လျှာကျက်ဖူးတယ်ဆိုရင် သေချာတယ် ခင်ဗျား စိတ်မရှည်တတ်သေးပါဘူး။

 

မရှက်ပါနဲ့၊ ဟိုဘက်ဝိုင်းကများ ငါ့ကို ကြည့်နေမလားလို့တွေးပြီး ရှက်မနေပါနဲ့၊  စားစရာရှိတာကို အားရပါးရစားပါ၊ မဟုတ်ရင် ကိုယ်ပဲငတ်မှာပါ။

 

ဟင်းရည်ဆူလာတဲ့အထိ စောင့်ပါ၊ အသားတွေ ကျက်သွားတဲ့အထိ စောင့်ပါ၊ ကိုယ်ဆယ်လိုက်တဲ့ အသားတွေ စားလို့ရတဲ့ အနေအထိ အပူရှိန်ကို စောင့်ပါ။

 

အသားလုံးတွေဆိုရင် ပေါလောပေါ်လာတဲ့အထိ၊ အရောင် လုံးဝပြောင်းသွားတဲ့အထိ စောင့်ပါ၊ ဥပမာ ပန်းရောင်ကနေ အညိုရောင် ပြောင်းသွားတာမျိုး။

 

တချို့အသီးအရွက်တွေ ချပေးထားတာဟာ ပါးစပ်ထဲ ဆယ်စားဖို့ချည်း မဟုတ်ပါဘူး၊ အရည်ရဲ့ အရသာပိုရှိစေဖို့အတွက် ချပေးထားတာပါ။

 

မုန်လာဥတို့၊ ပိန်းဥတို့၊ အာလူးတို့၊ ပြောင်းဖူးတို့ဟာ စစချင်းမှာတင်ပဲ ဟင်းရည်ထဲ ပစ်ထည့်ထားသင့်ပါတယ်၊ ဟင်းရည်ရဲ့အရသာကို မြှင့်တင်ပေးပါတယ်၊ စားမယ် ဆိုရင်တောင် သူတို့ကို နောက်ဆုံးမှ စားသင့်ပါတယ်။

 

သို့သော် အသီးအရွက်ဆိုတိုင်းလည်း အရည်ရဲ့ အရသာကို တိုးစေတယ်လို့ မမှတ်ပါနဲ့၊ အသီးအရွက်မှာ တချို့ဟာ သူ့ရဲ့အရသာကို ထုတ်ပေးပြီး၊ တချို့ကတော့ သူများဆီက အရသာကို ပြန်စုပ်ယူပါတယ်။

 

ဥပမာ ပြောင်းဖူးတို့၊ ခရမ်းချဉ်သီးတို့ဟာ အရသာကို ထုတ်ပေးလေ့ရှိပြီး၊ မုန်ညင်းတို့၊ ပန်းဂေါ်ဖီတို့ကတော့ အရသာကို ပြန်စုပ်ယူတတ်ပါတယ်။

 

တချို့ဆို ကဏန်းတို့၊ ငါးခေါင်းတို့ကိုတောင် ဆယ်စားဖို့ ဆိုတာထက် ဟင်းရည်အရသာပိုရှိဖို့အတွက် ဆိုပြီး ထည့်ထားတတ်ပါတယ်၊ ပြီးတော့ မစားကြပါဘူး။

 

 

Read More>>>>>  ထိုင်းစတိုင်လ် ချိစ်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ကြက်ဥကြော်

 

ဟော့ပေါ့ကို တစ်အိုးတည်းနဲ့ စုစားကြတဲ့အခါမှာ ကိုယ်စားနေတဲ့ တူတို့၊ ဇွန်းတို့နဲ့ အိုးထဲကို မနှိုက်ပါနဲ့၊ သူများတွေက အားနာလို့ ထုတ်မပြောရင်တောင် မကြိုက်ပါဘူး။

 

အဲ့ဒီအပြုအမူဟာ စည်းကမ်းမရှိရာရောက်သလို တချို့က ရွံတတ်ပါတယ်။ ဆိုတော့ ခပ်ထည့်ဖို့ ချပေးထားတဲ့ ဇွန်းကြီးတွေနဲ့ပဲ ယူပြီး ကိုယ့်ပန်းကန်ထဲ ထည့်စားပါ။ ကိုယ့်အိုးနဲ့ ကိုယ်ဆိုရင်တော့ ပြဿနာမရှိ။

 

တချို့သောသူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် တချို့အသားငါးတွေ၊ အသီးအရွက်တွေကို မစားကြပါဘူး၊ တချို့က allergic ရှိပါတယ်၊ အဲ့ဒီအချက်ကို ဟော့ပေါ့ စားရင် အထူးသတိထားပါ။

 

လောကွတ်တွေချော်ပြီး ဇွတ်မမှာပါနဲ့၊ အရင်မေးပါ၊ စားသလား၊ မစားသလား၊ ကြိုက်သလား၊ မကြိုက်သလား ပြီးမှ မှာသင့်တာမှာပါ၊ ထည့်ပေးသင့်တာ ထည့်ပေးပါ။

 

သို့သော် ဟော့ပေါ့ယဉ်ကျေးမှုမှာ ကိုယ့်ထဲမထည့်ခင် သူများတကာထဲကို အလိုက်တသိနဲ့ အရင်ထည့်ပေးတာ ဟာ အင်မတန် ယဉ်ကျေးသိမ်မွေ့ရာရောက်ပါတယ်။

 

ဒါ့အပြင် သူတို့စားနေတာကို အကဲခတ်ပြီး ဘယ်အချိန်မှာ သူတို့ ဘာစားချင်မလဲဆိုတာကို ခန့်မှန်းပြီး အလိုက်သိတာဟာ ဟော့ပေါ့စကေးတစ်ခုပါပဲ။

 

ဟော့ပေါ့စားရင် သူ့ချည်းပဲ သီးသန့်စားပါ၊ အရက်တို့၊ ဘီယာတို့နဲ့ တွဲမစားပါနဲ့၊ ထမင်းနဲ့လည်း တွဲမစားပါနဲ့၊ အရသာပျက်ပါတယ်။

 

အချဉ်နဲ့ တွဲစားပါ၊ တချို့ဆိုင်တွေက အချဉ်ကို အဆင်သင့် စပ်ပေးထားပါတယ်၊ တချို့ဆိုင်တွေကတော့ ကိုယ်တိုင် စိတ်ကြိုက်စပ်လို့ရပါတယ်၊ ဒါဆို ခင်ဗျား ပညာပြလို့ရပါပြီ။

 

အချဉ်စပ်နည်း အသေးစိတ်ကိုတော့ မရေးတော့ပါဘူး၊ ဘာလို့ဆို ကိုယ်တိုင်လည်း သူများစပ်ပေးတဲ့ အချဉ်ကိုပဲ အမြဲတမ်း အဆင်သင့် စားတတ်လို့ပါ။

 

ဟော့ပေါ့အိုးထဲကို တခါတည်း စုပြုံပြီး မထည့်ပါနဲ့၊ ကြာကြာပြုတ်ဖို့ လိုမယ့်အသားတွေကို အရင်ထည့်ပါ၊ ပြီးမှ တချို့အသီးအရွက်နဲ့ ပင်လယ်စာကို ထည့်ပါ။

 

ဟော့ပေါ့စားတဲ့အခါ မီးကို လိုတိုးပိုလျှော့လုပ်ပေးပါ၊ အမြဲတမ်း အသေကြီး မထားထားပါနဲ့၊ ဆူပွက်ပြီး ပူကျက်လွန်းရင် အရသာမရှိပါဘူး၊ မီးကို ကစားပေးပါ။

 

မှိုစားပါ၊ မှိုတွေက အရသာရှိပါတယ်၊ ဒါပေမဲ့ တချို့မှိုတွေကို စားရင် သတိထားပါ၊ မှိုကို ဝါးလိုက်ရင် သူ့အထဲမှာ စိမ့်ဝင်နေတဲ့ ဟင်းရည်ပူတွေက ထွက်လာပြီး လျှာကျက်တတ်ပါတယ်၊ အအေးခံပြီးမှ စားပါ။

 

တချို့အသားတွေက ဟင်းရည်ရဲ့အနံ့နဲ့ အရသာကို ပြောင်းတတ်ပါတယ်၊ ဥပမာ အမဲသား၊ ဆိတ်သား။ နောက်ပြီး ခေါက်ဆွဲကို ထည့်ပြုတ်ရင် နောက်မှပြုတ်ပါ။ သူ့ကြောင့် ဟင်းရည်ဟာ ချွဲပျစ်ပျစ်ဖြစ်သွားတတ်ပါတယ်။

 

ကဲ.....  မိတ်ဆွေတို့ Hot Pot ကို  ဘယ်လိုပုံစံနဲ့စားမလဲဆိုတာ သိသွားပြီဆိုတော့ အခုပဲ အနီးဆုံးမှာရှိတဲ့ ဟော့ပေါ့ဆိုင်ကို သွားစားလိုက်ပါနော်..........

Read times Last modified on Tuesday, 18 September 2018 11:51
Rate this item
(4 votes)