Myanmar
ဂွေးသီး ငပိချက်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ချက်ရတာလွယ်ကူပြီး ထမင်းမြိန်စေမယ့်
ဂွေးသီးငပိချက်ကို တင်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ဂွေးသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်၊ ငပိ၊ ဆား၊ ဆီတို့ လိုအပ်ပါမယ်။
ပထမဆုံး ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေကို အခွံနွှာပြီး ရေဆေးထားပါ။
ဂွေးသီးနဲ့ ခရမ်းချဉ်သီးတို့ကိုလည်း ရေဆေးပြီး အရွယ်တော် တုံးပေးထားပါ။
ပြီးလျှင်တော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂွေးသီးနဲ့ ခရမ်းချဉ်သီးကို တစ်မျိုးစီ သီးသန့် ကြိတ်ထားပါ။
ပြီးနောက် ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်နှင့် ငပိတို့ကို ရောထောင်းထားပါ။
ဒယ်အိုးထဲဆီထည့်ပြီး ဆီပူလာလျှင် ကြိတ်ထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ဆီသတ်ပေးပါ။
ပြီးလျှင် ဂွေးသီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်နှင့် ငပိတို့ကိုထည့်လိုက်ပြီး မွှေပေးထားပါ။ ပြီးနောက် အပေါ့အငန်မြည်းကြည့်ပါ။
အရသာအနေတော်ဆိုရင် မီးဖိုပေါ်မှချ၍ ထမင်းပူပူလေးနှင့် တွဲဖက်စားလိုက်ရရင်ဖြင့် အရသာရှိတဲ့ ဂွေးသီးငပိချက်ကို အသင့်သုံးဆောင်နိုင်ပါပြီ။