Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကျောက်ပွင့်သုပ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် ဟင်းတွေချည်းစားရတာ ငြီးငွေ့နေသူများအတွက်

အသုပ်တစ်မျိုးဖြစ်တဲ့ ကျောက်ပွင့်သုပ်လေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်တဲ့အမယ်များကတော့ ကျောက်ပွင့်အဖြူ၊ ပုစွန်သေးသေး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မျှင်ငါးပိ၊ ငရုတ်သီးစိမ်း၊ ရှောက်သီး၊ နံနံပင်၊ ဆီချက်၊ ငံပြာရည်၊ ပဲမှုန့်နဲ့ ဟင်းခတ်မှုန့်အနည်းငယ်တို့လိုအပ်ပါမယ်။

 

ပထမဆုံး ကျောက်ပွင့်ကို ရေနွေးနဲ့ စိမ်ပေးပါ။ ပုစွန်သေးသေးလေးတွေကို ရေစင်အောင်ဆေး၊ ဇကာလေးနဲ့ စစ်ပြီးတော့မှ ဆားလေး နဲ့ နယ်ပါမယ်။

 

ပြီးတော့မှ မီးဖိုပေါ် ဒယ်အိုးတင်ပြီး မီးအသင့်အတင့်နဲ့ ပုစွန်လေးတွေကို လှော်ပါတယ်။ ပုစွန်လေးတွေက ကျက်လာပြီဆိုရင် ပန်းရောင်လေးတွေ ပြောင်းသွားပြီး အနံ့လေးကလည်း အရမ်းမွှေးတာပဲ။

 

ပုစွန်လှော်ရပြီဆိုရင် တစ်လက်စတည်း မျှင်ငါးပိလေးကို ယောက်မမှာ ကပ်ပြီး မီးကင်ပေးပါ။ ပြီးတော့မှ ငရုတ်ဆုံကို ယူပြီး ပုစွန်လေးတွေ ထည့်ထောင်းပါ။

 

ပုစွန်ညက်ပြီဆိုရင် သပ်သပ်ဖယ်ထားပြီးတော့ ကင်ထားတဲ့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးတို့ကို ထည့်ပြီး ထောင်းပါ။

 

ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းတို့ကို သီတံလေးမှာ စီပြီးတော့ မီးကင်ပေးပါ။ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ဆီချက်ချက်ပါ။

 

ကြက်သွန်နီတွေကိုလည်း အခွံနွှာ၊ ထက်ခြမ်းခြမ်း၊ ပါးပါးလှီးပြီး ရေဆေးပြီး ရေစစ် ပေးထားပါ။

 

ကျောက်ပွင့်လေးတွေကိုလည်း အရွယ်တော်လေးတွေဖြစ်အောင် ဖဲ့ယူ၊ ရှောက်သီးလေးတွေကို လည်း အခွံနွှာပြီး အသားလေးတွေ ဖဲ့ယူပါ။



အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးယူ၊ ကျောက်ပွင့်ထည့်၊ ကြက်သွန်နီထည့်၊ ရှောက်သီးလေးတွေ ခြေထည့်၊ ထောင်းထားတဲ့ ပုစွန်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးထောင်းထည့်၊ ငံပြာရည်၊ ငါးပိ၊ ဟင်းခတ်မှုန့် အနည်းငယ်နဲ့ ဆီချက်တို့ထည့်ပြီး အားလုံးသမအောင် နယ်ပေးပါ။

 

ပြီးရင် အပေါ့အငံအရသာကို မြည်းပြီး လိုတဲ့ အရသာထပ်ဖြည့်ပေးပါ။ စိတ်ကြိုက်အရသာဖြစ်ပြီဆိုရင်တော့ ပန်းကန်တစ်ချပ်ထဲထည့်၊ အပေါ်ကနေ ကြက်သွန်ကြော်တွေထည့်၊ နံနံပင် ကြိုက်တတ်တယ်ဆိုရင် နံနံပင်လေးထည့်၊ ပြီးရင်တော့ ချဉ်ငံစပ်အရသာရှိတဲ့ ကျောက်ပွင့်သုပ်လေးကို အသင့်သုံးဆောင်နိုင်ပါတယ်။

Read 7005 times Last modified on Monday, 17 September 2018 14:34
Rate this item
(1 Vote)