Myanmar
ပုစွန်ကြော်နှပ်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ပုစွန်ပေါတုန်းလေး အိမ်တွင်ထမင်းမြိန်စေမည့်
ပုစွန်ကြော်နှပ်လေး အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ပုစွန်အရွယ်တော်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ငါးငံပြာရည်၊ နနွင်းမှုန့်၊ နံနံပင်၊ ဆီ၊ ဆား၊ ဟင်းခတ်မှုန့် တို့ လိုအပ်ပါမယ်။
ပုစွန်အရွယ်တော်လေးတွေကို ရေဆေးသန့်စင်ပြီးအခွံခွာ၍ ခေါင်းကို ဖြုတ်ထားပါ။
ကြက်သွန်ဖြူ ကိုညက်နေအောင်ထောင်းထည့်ပြီး ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်နှင့် နယ်ပြီးနှပ်ထားပါ။
ချင်းကို ခပ်သေးသေး ပါးပါးလေးများလှီးပါ။ ခရမ်းချဉ်သီးနှင့် ကြက်သွန်ကိုလေးစိတ်လေးစိတ်ခန့် လှီးဖြတ်ထားပါ။
ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်ကို အပူပေးပြီး အရသာနယ်ထားသောပုစွန်တွေကို အပေါ်ယံကြောတွေ တင်းသွားအောင်ထည့်ကြော်ပြီး ပြန်ဆယ်ယူထားပါ။
လက်ကျန်ဆီမှာ ချင်းနှင့်ကြက်သွန်နီကို ဦးစွာထည့်ပြီး ဆီသတ်ပါ။ ပြီးလျှင် နနွင်းမှုန့်လေး အနည်းငယ်ထည့်ပါ။
မွှေးလာလျှင် ခရမ်းချဉ်သီးတွေထည့်ပြီး ငါးငံပြာရည်၊ ဟင်းခတ်မှုန့်ဖြည့်စွက်ပြီး အဖုံးအုပ်ထားပါ။
ဆီပြန်ပြီး အနှစ်ကျလာလျှင် ကြော်ပြီးစစ်ထားတဲ့ ပုစွန်တွေထည့်ပြီး မွှေပေးပါ။
အစပ်လေးစားချင်ရင် ငရုတ်သီးစိမ်း ခွဲခြမ်းလေးလည်းထည့်၍လည်း ချက်နိုင်ပါတယ်။