Myanmar
ဝက်သားပဲပြား မျှစ်ချဉ်ချက်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် ၀က်သားချည်းသက်သက်ချက်စားဖို့
ရိုးအီနေသူများအတွက် ၀က်သားပဲပြား မျှစ်ချဉ်ချက်နည်းလေးကို ဖော်ပြလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ၀က်သား၊ ဆား၊ နနွင်း၊ မျှစ်ချဉ်၊ ပဲပြား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအစိမ်းမှုန့်၊ ဆီ၊ ငံပြာရည်၊ ဟင်းခတ်မှုန့်တို့လိုအပ်ပါမယ်။
အရင်ဆုံး ဝက်သားကို ဆား၊ နနွင်းနဲ့ နယ်ပီး နှပ်ထားပါ။ မျှစ်ချဉ်ကို တစ်ရေပြုတ်ထားပါ။ မျှစ်စားရင်တော့ အမြဲတစ်ရေလောက် အနည်းဆုံး ပြုတ်နိုင်ပါတယ်။ ပြီးရင် ပဲပြားကို အဆင်သင့် လှီးထားပါ။
ပြီးနောက် ဒယ်အိုးထဲကို ဆီထည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီထောင်းထားတာ ရောလုံးပြီး ဆီသတ်ပြီးရင် ငရုတ်သီး အစိမ်းမှုန့်လေးထည့်လိုက်ပါ။
ပြီးရင်တော့ ဝက်သားကို ထည့်ရောလုံးပြီး အသားလေးတင်းလာအောင် မွှေပြီးရင် ရေထပ်ထည့်ပါ။
ဝက်သားလေး မနူးတနူးမှာ မျှစ်ချဉ်နဲ့ ပဲပြားကိုပါရောထည့်ကာ အရသာအတွက် ငံပြာရည်၊ ဟင်းခတ်မှုန် ထည့်ပါ။
ပြီးရင် ရေကို လိုသလောက် ထပ်ထည့်ပါ။ အသားနူးပြီး ချခါနီးရင်တော့ အနံ့ အရသာနဲ့ ပြည့်စုံတဲ့ ဝက်သားပဲပြား မျှစ်ချဉ်ဟင်းလေးကို ထမင်းပူပူလေးနှင့်တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။