Myanmar
ချဉ်ငံစပ် ကြက်ဥထောင်းသုပ်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင်လွယ်လင့်တကူချက်ပြုတ်စားနိုင်တဲ့
အရသာစပ်စပ်မွှေးမွှေးနဲ့ စားလို့လည်းကောင်းတဲ့အပြင် ဟင်းအဆန်းလေးစားချင်သူများအတွက် ကြက်ဥထောင်းသုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ကြက်ဥ၊ ပင်စိမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ ချင်း၊ သံပရာရည်၊ ဆီ၊ ဆားနှင့် ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။
ပထမဆုံး ကြက်ဥကို ကျက်အောင်ပြုတ်ပြီး အခွံခွာကာ ထက်ခြမ်းလှီးပြီး အကာနဲ့ အနှစ်ကို သီးသန့် ခွဲထားပါ။
ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးထားပါ။ ပြီးလျှင် နံနံပင်နဲ့ ပင်စိမ်းကို သန့်စင်ပြီး ရေဆေးပြီး ရေစစ်ထားပါ။ ပြီးနောက် ငရုတ်သီးစိမ်းကို အညှာခြွေပါ။ ချင်းကို အခွံနွှာထားပါ။
ပြီးရင်တော့ ငရုတ်ဆုံထဲကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနဲ့ ချင်းထည့်ပြီး ညက်အောင်ထောင်းထားပါ။ ကြက်ဥအကာထည့်ပြီး ထောင်းပေးပါ။
ပြီးနောက် ကြက်သွန်နီ၊ နံနံပင်၊ ပင်စိမ်း၊ ဆား၊ ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး ထောင်းပေးပါ။ ထောင်းတဲ့အချိန်အတွင်း ဇွန်းနဲ့ အပေါ်အောက်မွှေပေးပါ။
ကြက်ဥအနှစ်ထည့်ပြီး နှံ့အောင်ပြုလုပ်ပါ။ ဟင်းပွဲပြင်မယ့် ပန်းကန်ထဲကို ကြက်ဥထောင်းများထည့်၊ သံပရာရည်နဲ့ ဆီထည့်၍ နယ်ပေးပါ။ အရသာကို မြည်းကြည့်ပါ။
နောက်ဆုံးမှ ကြက်ဥထောင်းသုပ်ထဲ အပေါ်ယံမှ နံနံပင်နဲ့ ပင်စိမ်းတို့ကို အနံ့မွှေးအောင် ထည့်လိုက်ပါ။
ပြီးရင်တော့ ချဉ်ငံစပ်အရသာနှင့် အနံ့မွှေးနေတဲ့ ကြက်ဥထောင်းသုပ်ကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။