Myanmar
ငါးဆန်လှော်ဟင်း
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ငါးစားရတာ ရိုးအီနေသူများ၊ ငါးကို
ပုံစံတစ်မျိုးဖြင့် အသစ်အဆန်းစားချင်သူများအတွက် အိမ်တွင် လွယ်လင့်တကူချက်ပြုတ်စားနိုင်တဲ့ ငါးဆန်လှော်ဟင်းချက်နည်းကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ငါးရံ၊ ဆန်၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ အစိမ်းမှုန့်၊ ကြက်သွန်နီ၊ ပင်စိမ်း၊ ဆီ၊ နနွင်းမှုန့်၊ ငံပြာရည်၊ ကြက်သားမှုန့်၊ သကြားနှင့် ဆားတို့လိုအပ်ပါမယ်။
ပထမဆုံး ငါးကို ရေဆေးသန့်စင်၍ အပိုင်းလိုက်လှီးဖြတ်ပြီးရင် ဆား၊ နနွင်းမှုန့်၊ ကြက်သားမှုန့် တို့နှင့် နယ်ထားပါ။ ပြီးရင် ဒယ်အိုးထဲဆီထည့်၍ ငါးကို ကြော်ပေးပါ။ အရမ်းမကြွပ်ပါစေနဲ့။
ဆန်ကို ရေဆေးပြီး ရေစစ်ထားပါ။ ရေစစ်ပြီဆိုလျှင် ဆန်ကို မီးအပူပေးလှော်ပြီး မှုန့်နေအောင်ထောင်းထားပါ။
ပြီးနောက် စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းအနီတို့ကို ညက်နေအောင်ထောင်းထားပါ။
ပြီးလျှင် ဒယ်အိုးထဲ ဆီထည့်ပြီး နနွင်းမှုန့်ထည့်လိုက်ပါ။ ပြီးရင် ထောင်းထားတဲ့ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ကို ထည့်ပြီး ငရုတ်သီး အစိမ်းမှုန့်ကို ထည့်လိုက်ပါ။
ပြီးရင်တော့ ဆီသတ်ထားတဲ့ ကြက်သွန်အနံ့လေး မွှေးလာရင် ရေထည့်လိုက်ပါ။ ပြီးနောက် ဆန်လှော်မှုန့်၊ ငံပြာရည်၊ သကြား၊ ကြက်သားမှုန့်တို့ကို ထည့်လိုက်ပါ။
ဆန်မှုန့်များ ပွတက်လာရင် မကြွပ်အောင်ကြော်ထားတဲ့ ငါးကို ထည့်လိုက်ပါ။ အနှစ်လေးရပြီဆိုရင် ငါးအပေါ်မှ ပင်စိမ်းလေးအုပ်ပြီးရင်တော့ ငါးဆန်လှော်ဟင်းကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။