Myanmar
ကြက်သားအစာသွတ် အာလူးကတ်တလိတ်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ကလေးများအကြိုက်
အိမ်တွင် လွယ်လင့်တကူ လုပ်စားနိုင်တဲ့ ကြက်သားအစာသွတ် အာလူးကတ်တလိတ်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ကြက်သား၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ အကြော်မှုန့်၊ မဆလာ၊ ဆီ၊ ဆား၊ အသားမှုန့်တို့ လိုအပ်ပါမယ်။
ပထမဆုံး ကြက်သားကို ရေဆေးသန့်စင်ထားပါ။ ပြီးလျှင် ကြက်သွန်ဖြူဓားပြားရိုက်၊ ဆား၊ အသားမှုန့်၊ ချင်းပါးပါးလှီးထားသည်တို့နဲ့ အသားနူးအောင် ရေခမ်းပြုတ်လိုက်ပါ။
ကြက်သားနူးရင် အအေးခံပြီး အသားများကို နုပ်နုပ်စင်းထားပါ။ ကြက်သွန်နီကိုလည်း အတုံးသေးသေးလေးဖြစ်အောင် လှီးဖြတ်ထားပါ။
ပြီးလျှင် ဇလုံတစ်ခုထဲကို ကြက်သား၊ ကြက်သွန်နီ၊ မဆလာ၊ ဆား၊ အသားမှုန့်တို့ထည့်ပြီး နှံ့အောင် နယ်ထားပါ။
အာလူးကို အိုးကြီးကြီးတစ်လုံးထဲထည့်ပြီး နူးအိသွားတဲ့အထိ ပြုတ်ပါ။ အာလူးနူးရင် အခွံခွာပြီး အရသာအတွက် ဆား၊ အသားမှုန့်တိုကိုထည့်၍ ကြေအောင်ပြုလုပ်ထားပါ။
အားလုံး အဆင်သင့်ဖြစ်ရင် အစာသွတ်ရပါမယ်။ အာလူးများမကပ်အောင် လက်ဖဝါး၂ဖက်နဲ့ လက်ချောင်းများကို အကြော်မှုန့်လူးပေးပါ။
အာလူးကို လက်တစ်ဆုပ်စာခန့်ယူပြီး အလုံးကလေးဖြစ်အောင်လုံးပါ။ အလယ်ကိုခွက်သွားအောင်ဖိလိုက်ပါ။ ခွက်ပုံချိုင့်သွားတဲ့အထဲကို ကြက်သားအစာနယ်ထားတာကို ဇွန်းနဲ့ထည့်ပြီး လုံအောင်ပြန်ပိတ်ကာလုံးပေးပါ။
လုံးပြီးတဲ့ အာလူးကတ်တလိတ်များကို အကြော်မှုန့်ဖြူးထားတဲ့ ပန်းကန်တစ်ချပ်မှာ စီထားလိုက်ပါ။
ကြော်မည့်အိုးထဲသို့ ဆီကို အာလူးကတ်တလိတ် မြုပ်လောက်သည်အထိ ထည့်ပြီး ဆီပူရင် မီးအနေတော်နဲ့ကြော်ပါ။
အာလူးကတ်တလိတ်ကို အကျက်ညီအောင် တစ်ဖက်ဆီ အသာလှည့်ပေးပါ။ ရွှေရောင်လေးဖြစ်လာရင် ဆယ်ပြီး ဆီစစ်ထားလိုက်ပါ။
ပြီးရင်တော့ အာလူးကတ်တလိတ်ကို Ready made အချဉ်ရည်လေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။