Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဒလမြို့နယ်၌ ဒေသခံပြည်သူများ စားသောက်ကုန်များဝယ်ယူရာတွင် အဆင်ပြေစေရေး ဈေးကြီး (၃)ခု ဖွင့်လှစ်ရောင်းချ

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်

ဆောင်ရွက်ပေးလျက်ရှိရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ စနစ်တကျလိုက်နာ ပူးပေါင်းဆောင်ရွက်နိုင်စေရေးအတွက် ရည်ရွယ်၍ မြို့တွင်းရှိ ဒေသခံပြည်သူများ ဈေးဝယ် ယူနိုင်ရေးနှင့် စားသောက်ရေး အဆင်ပြေစေရေးအတွက် စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ စည်ပင်သာယာဈေး (၃)ခု ဖွင့်လှစ်ရောင်းချ ပေးလျက်ရှိပြီး နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူများကိုလည်း ဒဏ်ရိုက် အရေးယူမှုကို အောက်တိုဘာလ ၈ရက်နေ့ နံနက်က စတင်ပြီး ကမာကဆစ်ဈေး၊ အောင်ဇေယျဈေးနှင့် မြို့လယ်ကောင် နာရီစင် တို့တွင် ပြုလုပ်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ဈေးသည်များ စည်းကမ်းတကျရှိစေရေး၊ သတ်မှတ်ထားသော ဈေးဆိုင်များသာ ဖွင့်လှစ် ရောင်းချစေရေးတို့ကို အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူ ၅၅ ဦးတို့ကို တစ်ဦးလျှင် ငွေကျပ်(၂၀၀) ဖြင့် ဒဏ်ရိုက်အရေးယူများ ဆောင်ရွက်ခဲ့သည်။

 

မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ကြည်က “ အန်တီတို့ ဒလမြို့နယ်မှာ ပိုးတွေ့ လူနာတွေ များပြားလာတယ်၊ ဒါကို ထိန်းချုပ်နိုင်ဖို့အတွက် မြို့နယ်အတွင်းမှာရှိတဲ့ ပျံကျဈေးများ ဖြစ်တဲ့ သမ္မတကမ်းခြေ ရပ်ကွက်ဈေး၊ အံ့ကြီးအနောက်ရပ်ကွက် ဈေး နှင့် ဆာပါချောင်းကျောင်းစုရပ်ကွက် ဈေး (၃)ခုကို အောက်တိုဘာလ ၁ ရက်နေ့က စပြီး ပိတ်ထားခဲ့တယ်၊ နေအိမ်မှာ နေထိုင်ရေးကာလ အတွင်းမှာ လည်း စားသောက်မှု အဆင်ပြေစေဖို့ ဈေးတွေမှာ လူစုလူဝေးမဖြစ်ပေါ်စေဖို့နဲ့ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ဆောင်ရွက် ခဲ့ပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန် ဦးစိုးလွင် လာတုန်းကလည်း ဈေးသည်များကို စည်းကမ်းတကျ ရောင်းချမှု ရှိစေရေး၊ သတ်မှတ်ထားတဲ့ ဆိုင်တွေသာ ဖွင့်လှစ် ရောင်းချဖို့၊ သားငါးတွေကို လတ်လတ်ဆတ်ဆတ် ရောင်းချပေးဖို့ကို စစ်ဆေးပြီး လမ်းညွှန်မှာကြားခဲ့တယ်၊ ခုလက်ရှိ အချိန်မှာ ကမာကဆစ်ဈေး၊ အောင်ဇေယျဈေးနဲ့ မြို့မ ဈေး (၃)ခုကို ဖွင့်လှစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားတဲ့ စည်းကမ်းများနဲ့ အညီရောင်းချဖို့ကို လိုက်လံ စစ်ဆေးလျက်ရှိပါတယ် ” ဟု ပြောကြားခဲ့သည်။

 

ဒလမြို့နယ်၌ စည်ပင်သာယာဈေးများဖြစ်သည့် ကမာကဆစ်ဈေးတွင် ယခင်က ဈေးဆိုင်ခန်း ပေါင်း ၃၃၅ ဆိုင် ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလအတွင်း ဈေးဆိုင်ခန်းပေါင်း ၁၁၂ ဆိုင်သာ ဖွင့်လှစ်ရောင်းချခြင်း၊ အောင်ဇေယျဈေးတွင် ယခင်က ဈေးဆိုင်ခန်းပေါင်း ၂၄၄ ဆိုင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ၃၈ ဆိုင်သာ ဖွင့်လှစ် ရောင်းချ ခြင်း နှင့် မြို့မ(၂)ရပ်ကွက်ရှိ မြို့မဈေးတွင် ဈေးဆိုင်ခန်း ၂၂ ဆိုင် တို့ဖြင့် အခြေခံစားကုန်သောက်ကုန်များ၊ ကုန်စည်၊ ကုန်ခြောက်၊ ဆေးဝါး၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များနှင့် သားငါးများကို ဒေသခံပြည်သူများ အဆင်ပြေစေရေးအတွက် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည် ဟု သိရသည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)