Myanmar
ပုစွန်နှင့်ရွှေဖရုံသီးဟင်း
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ရွှေဖရုံသီးကြိုက်နှစ်သက်သူများအတွက်
အဆင်ပြေမည့် ပုစွန်နှင့် ရွှေဖရုံသီးချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ပုစွန်၊ ဖရုံသီး၊ ပင်စိမ်းရွက်၊ ငရုတ်သီးစိမ်း၊ ကြက်သားမှုန့်၊ ငံပြာရည်၊ ငရုတ်သီးအစိမ်းမှုန့်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ သကြားတို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ပုစွန်ကို အခွံခွာ ရေဆေးသန့်စင်ပြီး ကြက်သားမှုန့်နယ်ပြီး နှပ်ထားပေးပါ။
ပြီးရင် ရွှေဖရုံသီးကို အခွံခွာပြီး အရွယ်တော်အတုံးကလေးများဖြစ်အောင် တုံးပြီး ရေဆေးထားပါ။
ကြက်သွန်ဖြူ၊ ကြက်သွန်နီကို အခွံခွာပြီး ကြိတ်ထားပါ။ ပြီးရင်တော့ ဒယ်အိုးကို မီးဖိုပေါ်တင် ဆီထည့်ပြီး အပူပေးပါ။ ပြီးနောက် ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ငရုတ်သီးအစိမ်းမှုန့်ထည့်ပြီး အဆီသတ်ပေးပါ။
အနံ့မွှေးလာရင် ပုစွန်ကို ထည့်လိုက်ပါ။ ပုစွန်လေးတွေကျက်ပြီဆိုရင်တော့ ရွှေဖရုံသီးကို ထည့်လိုက်ပါ။ ပြီးလျှင် သမအောင် မွှေပေးပါ။
ပြီးနောက် ကြက်သားမှုန့်ကို ထည့်ပြီး အရသာမြည်းကြည့်ပါ။ ပြီးရင်တော့် ရွှေဖရုံသီးနူးတဲ့အထိ ရေထည့်ပြီး အဖုံးအုပ်ထားပါ။
ရွှေဖရုံသီးနူးပြီဆိုရင်တော့ ငရုတ်သီးစိမ်းကို ထည့်လိုက်ပါ။ အရည်နှင့်မကြိုက်သူများကတော့ ဆီပြန်တဲ့အထိ ထားနိုင်ပါတယ်။ နောက်ဆုံးမှ ပင်စိမ်းရွက်လေးကို အပေါ်မှအုပ်လိုက်ပါ။
ပြီးရင်တော့ အနံ့မွှေးမွှေးလေးနှင့် အရသာရှိတဲ့ ပုစွန်နှင့် ရွှေဖရုံသီးချက်လေးကို အသင့်သုံးဆောင်နိုင်ပါတယ်။