Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


လယ်ယာကဏ္ဍအရှိန်မြှင့်တင်ရေးအတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်၏ အကျိုးကျေးဇူး

ယနေ့ ကမ္ဘာတစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ရောဂါကြောင့်လူမှုရေး၊ စီးပွားရေးရိုက်ခတ်မှုများ ရှိနေပါသည်။

ကိုဗစ်-၁၉ ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကြောင့်ကမ္ဘာတစ်ဝန်းရှိ လူဦးရေ အများအပြားမှာ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးလျက် လူမှုစီးပွားရေးနယ်ပယ်တွင် ထိခိုက်နစ်နာမှု အလွန်များပြားနေသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း အခြားနိုင်ငံ များနည်းတူ ကိုဗစ်- ၁၉ ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကို တိုင်းသူပြည်သား၊ တောင်သူလယ်သမားများပါ ခံစားနေရလျက်ရှိပါသည်။

 

ကိုဗစ်ကြောင့် စိုက်ပျိုးမှုနှုန်း လျော့ကျရေး ကြိုးစား


ကပ်ရောဂါဆိုးကြီး၏ ရိုက်ခတ်မှုကြောင့် တောင်သူ လယ်သမားများ၏ လူမှုစီးပွားရေးဆိုင်ရာ ထိခိုက်နစ်နာ မှုများကို ကုစားနိုင်ရန်အတွက် ကိုဗစ်- ၁၉ စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan CERP) ကိုဆောင်ရွက်ခဲ့ပြီး ထိုအစီအစဉ်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီး ဌာနအနေဖြင့် ဗီနိုင်းများ၊ ပညာပေးစာစောင်များ၊ ပညာစာအုပ်များ ဖြန့်ဝေခြင်း၊ ICT Based ပညာပေး လုပ်ငန်းများ ပြုလုပ်ခြင်း၊ မျိုးစေ့ထုတ်တောင်သူများအား ငွေကြေးထောက်ပံ့ခြင်း၊ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင် ခြင်း၊ ဓာတ်ခွဲခန်းအသစ်များ တည်ဆောက်ခြင်းနှင့် Home Gardening များ ဆောင်ရွက်နိုင်ရန်၊ မျိုးစေ့၊ ပျိုးပင် မြေသြဇာများထောက်ပံ့ခြင်း စသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးလျက်ရှိသည်။
လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရာတွင် ကိုဗစ်၁၉ ရောဂါပြန့်ပွားမှုဖြစ်စဉ်များကြောင့် လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှုကျဆင်းခြင်း မဖြစ်စေရေးအတွက်တောင်သူများ လိုက်နာဆောင်ရွက်နိုင်ရန် တောင်သူများ ထံအရောက် Mobile Extension စနစ်ဖြင့် သွားရောက်၍ ပညာပေးခြင်း၊ Viber Group နှင့် Messenger Group များမှ နည်းပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးနေသည်။


လယ်ယာကဏ္ဍအပေါ် အကျိုးသက်ရောက်လာနိုင် မှုများကို ကြိုတင်ကာကွယ်၊ တုံ့ပြန်သည့်အနေဖြင့် စပါး သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် အဓိကလိုအပ်ချက်ဖြစ်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်လုပ်ငန်းကို တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆောင်ရွက်ခဲ့ပြီး စီးပွားဖြစ် စပါးမျိုးသန့်မျိုးစေ့ ဧကတစ်သိန်း စိုက်ပျိုး ထုတ်လုပ် မည့်စီမံချက်ကို အလေးအနက်လုပ်ဆောင်ခဲ့သည်။


အဓိက ရည်ရွယ်ချက်များမှာ စိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးကောင်း မျိုးကောင်းမျိုးသန့် မျိုးစေ့ များကို တောင်သူများ လိုအပ်ချိန်တွင် လိုအပ်သည့် ပမာဏအတိုင်း အလွယ်တကူရရှိအသုံးပြုနိုင်စေရန်၊ ကိုဗစ်-၁၉ ရောဂါကြောင့် တောင်သူများ ဝင်ငွေထိခိုက်မှု မရှိစေရေး ကူညီပံ့ပိုး ဆောင်ရွက်ပေးနိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်တို့ ဖြစ်သည်။

 

မျိုးစေ့ထုတ်တောင်သူများ ရွေးချယ်


မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် မှန်ကန်ပြီး အရည်အသွေးကောင်းသော မျိုးကောင်းမျိုး သန့်များထွက်ရှိရန် နည်းပညာအတိုင်း လိုက်နာလုပ်ဆောင်ကြည့် တောင်သူများကို လိုအပ်မည်ဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မျိုးစေ့ထုတ်သမဝါ ယမအသင်းများ၊ မျိုးစေ့ထုတ်တောင်သူ အစုအဖွဲ့များ၊ အကျိုးဆောင်တောင်သူများအား ရွေးချယ်၍ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည်။


မျိုးစေ့ထုတ်တောင်သူများရွေးချယ်သတ်မှတ်ရာတွင် မျိုးစေ့ထုတ်လုပ်ငန်း အတွေ့အကြုံရှိသူဖြစ်ခြင်း၊ ဌာနနှင့် မျိုးစေ့ထုတ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်နေသည့် အကျိုးဆောင်တောင်သူဖြစ်ခြင်း၊ မျိုးစေ့ထုတ်တောင်သူ အစုအဖွဲ့ (သို့မဟုတ်) မျိုးစေ့ထုတ်သမဝါယမအသင်းဝင် တောင်သူဖြစ်ခြင်း၊ မျိုးသန့်မျိုးပွားမျိုးစေ့ (RS) ကို အသုံးပြုစိုက်ပျိုးသူဖြစ်ခြင်း၊ ကျွမ်းကျင်သူ ဌာနဝန်ထမ်း များက ကွင်းဆင်းစစ်ဆေးခြင်းကို လက်ခံလိုက်နာသူ ဖြစ်ခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနက ထောက်ခံထားသည့် မျိုးစေ့ထုတ် စိုက်ပျိုးနည်းစနစ်များနှင့်အညီ လိုက်နာ ဆောင်ရွက်နိုင်သည့် တောင်သူဖြစ်ခြင်းနှင့် ရရှိလာသော စီးပွားဖြစ်မျိုးသန့်မျိုးစေ့ထုတ်(CS)များကို မျိုးစေ့အရည် အသွေး စစ်ဆေးခြင်းခံယူ၍ ထောက်ခံချက်ရယူကာတောင်သူများထံသို့ မျိုးအဖြစ် ဆက်လက်ဖြန့်ဖြူးပေးပြီး ဖြန့်ဖြူးမှုမှတ်တမ်းကို စနစ်တကျ ပြုစုထားနိုင်သူဖြစ်ခြင်း စသည့် သတ်မှတ်ချက်များဖြင့် ရွေးချယ်ခဲ့သည်။


စိုက်ပျိုးနည်းစနစ်များ နည်းပညာပေး


တောင်သူများအနေဖြင့် မျိုးစေ့ထုတ်စိုက်ပျိုးရာတွင်မိမိတို့ ရေမြေအနေအထားနှင့် စိုက်ပျိုးသည့်မျိုးအရ သင့်လျော်မည့် တစ်ဧက ကောက်ကွက်ဝင်ဆံ့နိုင်ရန် လိုအပ်မည့် ပင်ကြား၊ တန်းကြားကို ရွေးချယ်စိုက်ပျိုးရန်၊ ပေါင်ပျိုးစနစ်၊ SRI စနစ်များ အပါအဝင် အစိုတမန်း စနစ်ဖြင့် ပျိုးထောင်စိုက်ပျိုးရန် (သို့မဟုတ်) ကောက်စိုက် စက်ဖြင့် စိုက်ပျိုးရန်၊ ကောက်ကွက်တစ်ကွက်လျှင် လက်ဆနှစ်ပင်ထက် မများစေရန်၊ ခြောက်တန်းတစ်တန်း လုပ်စနစ်ကို ကျင့်သုံးစိုက်ပျိုးရန်၊ မျိုးကွဲနုတ်ပယ်ခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းကို စတင်စိုက်ပျိုးသည်မှ အပင် သက်တမ်းတစ်လျှောက်လုံး ဆောင်ရွက်ရန်နှင့် မျိုးရောမှု မရှိစေရန် စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းခြွေလှေသန့်စင် ခြင်း၊ မျိုးစေ့သန့်စင်စက်ဖြင့် သန့်စင်ခြင်း၊ ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်းလုပ်ငန်းများအထိ စနစ်တကျဆောင်ရွက်ရန် စသည်တို့ကို ပညာရှင်များက နည်းပညာပေးခဲ့သည်။


CERP အစီအစဉ်အရ စပါးမျိုးစေ့ထုတ် ဧကတစ်သိန်း စိုက်ပျိုးထုတ်လုပ်မည့် အစီအစဉ်တွင် ပါဝင်သူများအား တစ်ဧကလျှင် အပင်ပြုစုခြင်း လုပ်ခငွေကျပ် ၇၅၀၀၀၊ မျိုး ကွဲနုတ်ပယ်ခြင်းလုပ်ခငွေကျပ်၅၀၀၀၀၊ မျိုးစေ့သန့်စင်ခြင်း လုပ်ခငွေကျပ် ၁၅၀၀၀ နှင့် အရည်အသွေးကောင်း မျိုးဖြစ်ပါက မျိုးစေ့ဖိုး ငွေကျပ် ၁၀၅၀၀ အပါအဝင် စုစုပေါင်း ငွေကျပ် ၁၅၀၅၀၀၊ အထွက်ကောင်းမျိုးဖြစ်ပါက မျိုးစေ့ဖိုး ငွေကျပ် ၈၅၀၀ အပါအဝင် စုစုပေါင်း ငွေကျပ် ၁၄၈၅၀၀ တို့ကို ထောက်ပံ့ခဲ့သည်။
နိုင်ငံနှင့်အဝန်း အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီးနှင့် ပြည် နယ် ၁၄ ခု၌ တောင်သူ ၂၉၅၁၀ အား ထောက်ပံ့ငွေကျပ် ၁၄၉၁၁ ဒသမ ၃၃ သန်းကို တောင်သူလက်ဝယ် အရောက်ထောက်ပံ့ခဲ့ပြီးဖြစ်သည်။ မျိုးစေ့ထုတ်စိုက်ခင်းများမှ ထွက်ရှိလာသော မျိုးကောင်းမျိုးသန့်များကို ဒေသခံ တောင်သူများ အချင်းချင်း ဖြန့်ဝေသည့် နည်းစနစ်၊ မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် ချိတ်ဆက်၍ ရောင်းချပေးသည့် စနစ်များဖြင့် ဈေးကွက်ရရှိရေးကိုလည်း ဆက်လက် ဆောင်ရွက်သွားကြမည် ဖြစ်သည်။


နိုင်ငံသားများ စားနပ်ရိက္ခာဖူလုံရေးအလေးထား


စီမံချက်အရ မူလအခြေခံ စပါးဈေးသတ်မှတ်ချက် သည် တင်း ၁၀၀ လျှင် ငွေကျပ် ၅၂၀၀၀၀ ဖြစ်သော်လည်း မျိုးစေ့အဖြစ် ထွက်ရှိပါက စပါးတစ်တင်းလျှင် ငွေကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ အထိ ဝင်ငွေရရှိမည်ဖြစ်ရာ သာမန် စိုက်ပျိုးခြင်းထက်ဝင်ငွေနှစ်ဆခန့် ပိုမိုရရှိနိုင်မည်ဖြစ်သည်။


မျိုးစေ့ထုတ် ဧက တစ်သိန်းမှ တစ်ဧကလျှင် ပျမ်းမျှ ၇၅ တင်းနှုန်းဖြင့် မျိုးစေ့တင်းပေါင်း ၇ ဒသမ ၅ သန်း ထွက်ရှိလာမည်ဖြစ်ရာ စိုက်ဧက ၇ ဒသမ ၅ သန်းကို မျိုးကောင်းမျိုးသန့်များဖြင့် ပြောင်းလဲစိုက်ပျိုးနိုင်မည် ဖြစ်သကဲ့သို့ သဘာဝဘေး ကြုံလာပါကလည်း အရန်မျိုး များ အဖြစ် အလွယ်တကူ စုဆောင်းနိုင်မည်ဖြစ်သည်။


မျိုးစေ့ထုတ် ဧကတစ်သိန်း စိုက်ပျိုးခြင်းသည် ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း မျိုးစေ့ ထုတ်ကဏ္ဍကို မြှင့်တင်နိုင်ခြင်း၊ တောင်သူများအား ဝင်ငွေ ပိုမိုရရှိစေခြင်း၊ နည်းပညာတိုးတက်လာခြင်း၊ မျိုးကောင်း မျိုးသန့် ပြောင်းလဲသုံးစွဲနိုင်ခြင်း၊ အလုပ်အကိုင်အခွင့် အလမ်း ရရှိလာခြင်းနှင့် နိုင်ငံအတွက်လိုအပ်သော မျိုးစေ့ ဈေးကွက်ကို ဖော်ဆောင်နိုင်ခြင်း စသည့် အကျိုးကျေးဇူး များ ရရှိစေမည်ဖြစ်ပြီး တောင်သူများနှင့်တကွ ဆန်စပါးကို အဓိကစားသုံးကြသည့် နိုင်ငံသားများအတွက် စားနပ် ရိက္ခာဖူလုံစေမှုကိုလည်း များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)