Myanmar
မော်လမြိုင်ဒေသခေါ်ဝေါ်တဲ့ ကြက်ပတေ
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ မွန်လူမျိုးများကြိုက်နှစ်သက်ကြပြီး
မော်လမြိုင်သို့ သွားရောက်စရာ မလိုဘဲ ကိုယ့်အိမ်တွင်လည်း လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ကြက်ပတေ ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ကြက်ဥ၊ ကုလားပဲအလုံး၊ အာလူး၊ ကြက်သွန်နီ၊ ချင်း၊ ကြက်သွန်ဖြူ၊ သစ်ကြံပိုးခေါက်၊ ကရဝေးရွက်၊ မဆလာအစပ်၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဆုံး ကုလားပဲလုံးကို နူးအောင်ပြုတ်ပြီး ဆယ်ယူထားပါ။ ပြီးလျှင် အာလူးအလုံးကိုလည်း ပြုတ်ပြီး ပြန်ဆယ်ထားပါ။ အေးပြီဆိုရင် အာလူးကို အလုံးလိုက် အခွံနွှာထားပါ။
ကြက်သွန်ဖြူ၊ ချင်းတို့ကို အခွံနွှာပြီး ရောထောင်းထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။
ပြီးနောက် အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင် ကြက်သွန်နီကို ဆီသတ်လိုက်ပါ။
ကြက်သွန်နီနွမ်းလျှင် ထောင်းထားသော ချင်း၊ ကြက်သွန်ဖြူ၊ ကရဝေးရွက်၊ သစ်ကြံပိုးခေါက်တို့ထည့်ပြီး ဆီသတ်ပါ။
ပြီးနောက် မဆလာအစပ်ကို ရေနည်းနည်းရောမွှေကာ အိုးထဲထည့်ပြီး မွှေပေးထားပါ။ အကုန်လုံးနှံ့ပြီဆိုလျှင် ပြုတ်ထားသော ကုလားပဲထည့်မွှေပါ။ ပြီးနောက် ရေထည့်လိုက်ပါ။ ရေဆူလာလျှင်တော့ ဆား၊ ဟင်းခတ်မှုန့်တို့ကို ထည့်လိုက်ပါ။
ပြီးလျှင် ပြုတ်ထားသော အာလူးနှင့် ကြက်ဥပြုတ် ထည့်ပါ။ ကုလားပဲအလုံးကို ပို၍ နူးအိသည်အထိ ထားလိုက်ပါ။
ဟင်းကျက်လို့ စားတော့မယ်ဆိုရင် မိမိကြိုက်နှစ်သလောက် ဟင်းခပ်ထည့်ကာ သံပရာရည်ညှစ်၊ ပူစီနာထည့်ပြီး ထမင်းပူပူလေးနှင့် တွဲဖက်စားလိုက်ရရင်တော့ ထမင်းမြိန်စေမှာဖြစ်ပါတယ်။