Myanmar
ဆွာချောင်းတမံ ရေသောက်စနစ်ဖြင့် နွေစပါးများ စတင်စိုက်ပျိုး
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သိုင်းဝအုပ်စု၊ ကျွန်းပင်ဆိပ်ကျေးရွာအနီးရှိ ဆွာချောင်းတမံ ဆည်ရေသောက်စနစ်ဖြင့် ဒီဇင်ဘာ ၁၀ ရက်မှစတင်၍ စိုက်ပျိုးရေများပေးဝေခဲ့ရာ ယနေ့အထိ ဧက ၄၀၀၀ ဝန်းကျင် ရေးများဝင်ရောက်ပြီဖြစ်၍ တောင်သူများ စပါးမျိုးကြဲပက်သည့်စနစ်ဖြင့် စတင်စိုက်ပျိုးနိုင်ကြပြီ ဖြစ်သည်။
၂၀၂၀-၂၀၂၁ နွေစပါးရာသီတွင် မူလလျာထားဧက ၉၀၀၀ ဖြစ်သော်လည်း ရေသိုလှောင်မှုပမာဏ ၇၇၂၂၃ ဧကပေအထိ ရရှိခဲ့သဖြင့် သိုင်းဝ၊ ကွင်းကြီး၊ ဇလုပ်ကြီး၊ သပြေတန်း၊ ညောင်ပင်သာ၊ ပိတောက်ခင်၊ ပေါက်ချောင်း၊ ခင်တန်းကြီး၊ ကြံသနွယ်၊ မြောက်ရေကြည် ကျေးရွာအုပ်စု ၁၀ အုပ်စုတွင် ဆွာလက်တံမြောင်း အမှတ် ၃၊ အမှတ် ၄၊ အမှတ် ၅၊ အမှတ် ၆၊ အမှတ် ၇ တို့မှ စိုက်ပျိုးဧက ၁၀၀၀၀ အထိ ရေပေးဝေသွားနိုင်မည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး (၆) မှ လက်ထောက်ညွှန်ကြားရးမှူး ဦးတိုးလင်းက ပြောသည်။
“တောင်သူတွေအနေနဲ့ ရက် ၉၀ သက်ရင်စပါးတွေပဲ စိုက်ပျိုးသင့်ပါတယ်။ လျာထားဧကတစ်သောင်း ဆိုပေမဲ့လည်း ပိုလျှံရေနဲ့ ကျန်တောင်သူတွေက ထပ်စိုက်ရင် ဧကတစ်သောင်းကျော်သွားမယ်။ အောင်ရေပေးဝေတဲ့အခါမှာ တောင်သူတွေ ရေအခက်အခဲမရှိရအောင် ရက် ၉၀ စပါးမျိုး စိုက်ပျိုးတာ ပိုသင့်တော်ပါတယ်”ဟု ဦးတိုးလင်းက ဆက်လက်ပြောသည်။
ဆွာဆည်တမံ၏ ရေပိုလွှဲအသစ် တည်ဆောက်မှုလုပ်ငန်းများ ပြီးစီးခြင်းမရှိသေးသည့်အတွက် နွေစပါးစိုက်ပျိုးရန် အလှည့်ကျ ရေပေးဝေနေရခြင်းဖြစ်ပြီး ယခုနှစ် နွေစပါးရာသီတွင် စိုက်ပျိုးဧက တစ်သောင်းကျော်ကို ရေပေးဝေနိုင်သည့် လက်တံမြောင်း အမှတ် (၂) မှ ရေပေးဝေနိုင်ခြင်းမရှိ၍ တောင်သူများအားလုံး ပဲအမျိုးမျိုးကို စိုက်ပျိုးထားကြသည်ကို တွေ့ရှိရသည်။
MDN