Myanmar
စားသုံးဆီ တစ်ပိဿာလျှင် ကျပ် ၃၈၀၀ ဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များသို့ လိုက်လံ ရောင်းချလျက်ရှိ
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စားသုံးဆီများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ စျေးနှုန်းသက်သာစွာဖြင့် လိုက်လံရောင်းချလျက်ရှိကြောင်းသိရသည်။
စက်တင်ဘာလကုန်ပိုင်းမှ စတင်ကာ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီများအား ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တစ်ပိသာလျှင် ၃၈၀၀ နှုန်းဖြင့် လိုက်လံရောင်းချလျက်ရှိပြီး အဓိကအနေဖြင့် အခြေခံလူတန်းစား များပြားသည့် မြို့နယ်များသို့ လိုက်လံရောင်းချလျက်ရှိကြောင်း သိရသည်။
“လွန်ခဲ့တဲ့နှစ်ပတ်လောက်တည်းက ရောင်းချပေးနေတာပါ။အဓိကအနေနဲ့ အခြေခံလူတန်းများတဲ့ မြို့နယ်တွေမှာ လိုက်ရောင်းချတာပါ။အပြင်မှာ စားသုံးဆီပေါက်စျေးက ငါးထောင်ကျော် ခြောက်ထောင်နီးပါရှိပါတယ်။ကျွန်တော်တို့က တစ်ပိသာကို ၃၈၀၀ ကျပ်နဲ့ရောင်းချပေးတာပါ။ဆီထည့်ဖို့ ပုံးပါရင်တော့ လူတစ်ဦးကို တစ်ပိသာရောင်းချပေးပါတယ်။မပါရင်တော့ ကျွန်တော်တို့ဆီမှာ အသင့်ထည့်ထားတဲ့ ဘူးတွေနဲ့ တစ်ဦးကို နှစ်ဘူး ရောင်းချပေးပါတယ်။ အခြေခံလူတန်းစားတွေအရမ်းအခက်အခဲဖြစ်တာတွေ့ရပါတယ်။တစ်ခါတလေကျရင် မျက်မမြင်တွေတောင် လာဝယ်တာရှိပါတယ်။တစ်ခါတစ်လေ ငွေမနိုင်လို့ ရှိသလောက်လေး ဝယ်သွားတဲ့သူမျိုးတို့ တွေ့ရပါတယ်။အခုက ဝင်ငွေက မတိုးလာဘူး။ကုန်ကျစရိတ်တွေက ပိုများလာတယ်။အရင်က တစ်ပိသာဝယ်နိုင်ရင် အခုတစ်ဆယ်သားဘဲ ဝယ်နိုင်တော့တယ်။အခက်အခဲတော့ များပါတယ်။ဒါပေမယ့် ကျွန်တော်တို့က အတက်နိုင်ဆုံးဆောင်ရွက်နေပါတယ်။ရရှိတဲ့ ဆီအရေအတွက်ပေါ်မူတည်ပြီး ရောင်းချပေးနေတာပါ။လူတစ်ယောက်ကို နည်းနည်းနဲ့ လူများများကို ရောင်းချပေးမှာပါ။အစိုးရအနေနဲ့ ကျွန်တော်တို့ ဆီဆေးတွေ မတည်ငြိမ်မှုဖြစ်လေလေ ကျွန်တော်တို့က ဆောင်ရွက်ရလေပါ။ဆီစျေးကလည်း တည်ငြိမ်သွားပြီ။ အစိုးရအနေနဲ့လည်း ပြင်ပပေါက်စျေးညီသွားရင် ကျွန်တော်တို့ အေးဆေးနေလို့ရပါပြီ” ဟု ရန်ကုန်တိုင်းဆီကုန်သည်နှင့်ဆီလုပ်ငန်းများအသင်း ဒုဥက္ကဋ္ဌ ဦးရဲသူအောင် ပြောကြားသည်။
လှိုင်သာယာမြို့နယ် ၊ ရွှေပြည်သာမြို့နယ် ၊ ဒဂုံအရှေ့မြို့နယ် ၊ ဒဂုံတောင်မြို့နယ် ၊ ဒဂုံဆိပ်ကမ်းမြို့နယ် နှင့် အခြား အခြေခံလူတန်းစားများပြားသည့်မြို့နယ်များသို့ ရောင်းချပေးလျှက်ရှိပြီး နံနက်ပိုင်းတွင် မော်တော်ယာဉ်များဖြင့် အဓိကစျေးရှိသည့်နေရာများတွင် ရောင်းချလျှက်ရှိသည်။
“တစ်ရက်နဲ့တစ်ရက်နဲ့ ထွက်တဲ့မြို့နယ်ချင်းမတူဘူး။ကားတစ်စီးပေါ်မှာ ဆယ်ပေပါ နဲ့ စျေးကွက်ထဲဖြန့်ဖြူးပေးနေပါတယ်။ကျွန်တော်တို့ဆီကနေ ဆီလက်လီလိုချင်တဲ့သူတွေကို ခွင့်ပြုပေးခဲ့တာ ၉ ခေါက်ရှိပါပြီ။ရန်ကုန်ထဲမှာရှိတဲ့ စားသုံးဆီရောင်းချလိုတဲ့ ဆိုင်တွေအနေနဲ့ ပြည်သူကို အသက်သာဆုံးစျေးနဲ့ ရောင်းချပေးရမယ်။အမြတ်ကိုလည်း နှစ်ရာခိုင်နှုန်းဘဲ ယူရပါမယ်။အဲ့လို ဆန္ဒရှိရင် ကျွန်တော်တို့အသင်းမှာ လာရောက်လျှောက်လွှာတင်လို့ရပါတယ်။ကျွန်တော်တို့ကလည်း သေချာစီစစ်ပြီး လျှောက်လွှာဆောင်ရွက်ပေးနေပါတယ်။အသင်းအနေနဲ့ ပြည်သူတွေကို သက်သာသောစျေးနဲ့ဝယ်ရဖို့ ကြိုးစားနေပါတယ်” ဟု ရန်ကုန်တိုင်းဆီကုန်သည်နှင့်ဆီလုပ်ငန်းများအသင်း၏ တွဲဖက်အတွင်းရေးမှူး ဦးဘိုရဲညို ကပြောကြားသည်။
ဆိုင်အသေးလျှင် ငါးပေပါနှုန်း ၊ ဆိုင်အလတ်လျှင် ဆယ်ပေပါ နှင့် နှစ်ဆယ်ပေပါ ၊ ဘုရင့်နောင်ပွဲရုံ နှင့် အခြားဆိုင်အကြီးဆိုလျှင် ပေပါ ၄၀ နှုန်းပေးကြောင်း ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယင်းသို့ပေးထားသည့် ဆိုင်ပေါင်း ကိုးရာနှင့် တစ်ထောင်ကြားရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင််း မော်တော်ယာဉ် ၃၇ စီးဖြင့် လိုက်လံ ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စျေးကွက်အတွင်း စားသုံးဆီများ ၊ ပြတ်လပ်မှုမရှိစေရေး ၊ စျေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် စားသုံးသူများ သင့်တင့်မျှတသည့် စျေးနှုန်းဖြင့် ဝယ်ယူရရှိစေရေးအတွက် ဆောင်ရွက်လျှက်ရှိရာ လက်ရှိကာလအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်မှုအပေါ် စားသုံးဆီစျေးနှုန်းများ အဆမတန်မြင့်တက်မှုမရှိစေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ တိုက်ရိုက်ရောင်းချပေးခဲ့သည့် နိုင်ငံခြားငွေနှင့်ညီမျှသည့် စားအုန်းဆီများကို ရန်ကုန်စျေး တစ်ပိသာလျှင် (၃၇၀၀)ကျပ်နှုန်းဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း တိုင်းဒေသကြီး/ပြည်နယ်များရှိ အသင်းခွဲများမှတစ်ဆင့် ရောင်းချပေးလျက်ရှိသည်။



