Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ချောင်းသာကမ်းခြေ ပင်လယ်စာအစုံအကင် ရောင်းအားထိုးကျ

ချောင်းသာကမ်းခြေ ပင်လယ်စာအစုံအကင် ရောင်းအားထိုးကျ

ချောင်းသာကမ်းခြေ ပြန်လည်ဖွင့်လှစ်သည်မှာ နှစ်လနီးပါးရှိပြီဖြစ်သော်လည်း လာရောက်သူနည်းပါးသဖြင့် စျေးရောင်းချသူများနှင့် ကမ်းခြေအမှီပြု လုပ်ကိုင်စားသောက်နေသူများ အခက်ကြုံတွေ့လျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာကမ်းခြေသို့ ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်မှစ၍ ခရီးသွားလာခွင့် ပြန်လည်ခွင့်ပြုခဲ့သော်လည်း နှစ်လနီးပါးကြာမြင့်သည်အထိ လာရောက်သူနည်းပါးသဖြင့် အဆိုိပါ ကမ်းခြေအမှီပြု လုပ်ကိုင်စားသောက်နေသူများမှာ အခက်အခဲများစွာတွေ့ကြုံလျက်ရှိကြောင်း အဆိုပါကမ်းခြေတွင် စျေးရောင်းချသူတစ်ဦးက ပြောကြားသည်။

“ခရီးသွားလာခွင့် ပြန်ဖွင့်ပေးတာ နှစ်လနီးပါးရှိပါပြီ။ ဒါပေမဲ့ လာတဲ့သူတွေက အရင်ကထက် အရမ်းနည်းသွားတယ်။ ရောဂါအခြေအနေရော၊ လက်ရှိအခြေအနေတွေရောကြောင့် အရင်နှစ်တွေထက် လာတဲ့သူ အဆမတန်နည်းသွားတယ်။ အဲဒီတော့ စျေးရောင်းတဲ့သူတွေအကုန် ဒုက္ခရောက်ကြတယ်။ မနက်ပိုင်းတည်းက ရောင်းပေမဲ့ ညနေပိုင်းမှ စျေးဦးပေါက်တာတွေရှိတယ်” ဟု အဆိုပါကမ်းခြေတွင် ဗန်းဖြင့် ပင်လယ်စာအစုံအကင် လိုက်လံရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ချောင်းသာကမ်းခြေသို့လာရောက်သူ များစွာနည်းပါးခြင်းနှင့်ပတ်သက်ပြီး စျေးသည်တစ်ဦးက “ကျွန်မက လူငါးယောက်ဆို ငါးယောက်စာ ထမင်းချိုင့်လုပ်ပေးရတာ။ အရင်နှစ်တွေတုန်းကဆို အရမ်းကိုရောင်းရတယ်။ အခုကျတော့ တစ်ပတ်ကို နှစ်ရက်လောက်ပဲရောင်းရတယ်။ ရောင်းရတာကလည်း စျေးက လာတဲ့သူတွေကို လျှော့ပေးရတယ်။ အဲဒီလိုပဲ အခက်အခဲတွေနဲ့ ကြုံနေရတာ” ဟု ပြောကြားသည်။

ခရီးသွားလာရောက်မှု နည်းပါးသဖြင့် ချောင်းသာကမ်းခြေတွင် ဖွင့်လှစ်ထားသည့် ဟိုတယ်၊ မိုတယ်၊ ဧည့်ရိပ်သာများမှာလည်း ယခင်စျေးနှုန်းထက်လျှော့ပြီး အခန်းများ ငှားရမ်းနေရကြောင်း ၊ ယင်းသို့ငှားရမ်းသော် လည်း အစိုးရရုံးပိတ်ရက်များတွင်သာ ငှားရမ်းရပြီး အစိုးရရုံးဖွင့်ရက်၌ အခန်းအများစု မငှားရသည်က များကြောင်း မိုတယ်တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ရုံးပိတ်ရက် စနေနဲ့တနင်္ဂနွေပဲ လာတယ်။ အဲဒီရက်လာတယ်ဆိုတာကလည်း အရင်နှစ်တွေကထက်ယှဉ်ရင် တော်တော်ကြီးကို နည်းပါတယ်။ ကြားရက်တွေဆို အခန်းအလွတ်တွေ အများကြီးပဲ။ အရင်ကဆို အခန်းခက ခေါ်တဲ့စျေးအတိုင်းပဲ လာတည်းသူတွေက ပေးရတာ။ အခုက အခန်းခကို ညှိနှိုင်းတာတွေ ဘာတွေလုပ်ရတယ်။ စျေးကို လျှော့ပေးရတယ်” ဟု ချောင်းသာကမ်းခြေရှိ မိုတယ်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

သုံးဘီး မောင်းနှင်သူတစ်ဦးကလည်း “အရင်ကဆို တစ်ရက်တစ်ရက် အနည်းဆုံး သုံးလေးငါးသောင်းက ပြေးမလွတ်ဘူး။ အခုတော့ အခြေအနေက ဆိုးနေပါပြီ။ ဆီစျေးတွေကလည်းတက်တော့ စျေးကို အရင်ကထက် တင်ရတယ်။ ခရီးသွားမလာရတဲ့အထဲ ဆီစျေးကတက်တော့ ပိုဒုက္ခရောက်တာပေါ့” ဟု ပြောကြားသည်။

ချောင်းသာကမ်းခြေသို့ သွားရောက်သည့် တောင်တက်လမ်း အတက်အဆင်းတစ်လျှောက်တွင်လည်း လာရောက်သည့် ယာဉ်များကို စစ်ဆေးသည့် စစ်ဆေးရေးဂိတ်ငါးခုခန့်ရှိကြောင်း သိရသည်။


news-eleven.com/

Read 1434 times
Rate this item
(0 votes)