Myanmar
ငှက်ပျောဖူးဟင်း
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဟင်းအသစ်အဆန်းလေးဖြစ်စေမည့် အပြင်
အရသာလည်းရှိပြီး ထမင်းမြိန်စေမယ့် ငှက်ပျောဖူးဟင်းချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီးလေးစိပ်ကွဲ၊ စိမ်းစားငါးပိ၊ သံပရာသီး၊ ဆား၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။
ပထမဆုံး ငှက်ပျောဖူးထွင်ဖို့အတွက် ခွက်တခွက်ထဲရေထည့်ပြီး သံပရာသီးတစ်လုံးကို ညှစ်လိုက်ပါ။
အချဉ်ဓာတ်ကြောင့် ငှက်ပျောဖူး မဲမသွားအောင် ကာကွယ်ပေးပါတယ်။ ပြီးလျှင် ဇလုံတစ်လုံးထဲ ရေထည့်ပါ။ လက်ကို ဆီသုတ်၍ ကိုင်ခြင်းကြောင့် အစေးကပ်ခြင်းကို ကာကွယ်နိုင်ပါတယ်။
ငှက်ပျောဖူးအခွံနီလေး၏ ပထမအလွှာကို မသုံးဘဲ ဖယ်လိုက်ပါ။ နောက်တစ်လွှာကစလို့ အမွှာလေးတွေကို ယူပြီး ၀တ်ဆံလေးတွေကို ဖွင့်လိုက်ပါ။ မာမာလေးကို ဖယ်ထုတ်ပစ်လိုက်ပါ။ အလယ်က ၀တ်ဆံကိုလည်း ဖယ်ပစ်လိုက်ပါ။
ပြီးရင် ကျန်တဲ့အပွင့်ကို သံပရာရည် ပါတဲ့ရေခွက်ထဲကို ချက်ချင်းထည့်လိုက်ပါ။ အဲဒီလိုနဲ့ တစ်လွှာပြီး တစ်လွှာသန့်ပြီးရင် နောက်ဆုံးအသားချည်း ကျန်ပါလိမ့်မယ်။
အဲဒါပြီးပြီဆိုရင် ဓားဖြင့်ကြိုက်နှစ်သက်ရာ အရွယ်တော်လှီးဖြတ်ပြီး သံပရာရည်ထဲ စိမ်ထားလိုက်ပါ။
ပြီးရင်တော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ညက်အောင်ထောင်းထားပြီး ဆီအနည်းငယ်ထည့် ပုစွန်ခြောက်မှုန့်ထည့်၊ ငရုတ်သီးလေးစိပ်ကွဲထည့်ပြီး ဆိသတ်လိုက်ပါ။
ကြက်သွန်များ ကျွတ်လာကာနီးပြီဆိုရင် ငှက်ပျောဖူးများ စိမ်ထားတာကို လက်ဖြင့် ပွတ်ဆေးပေးပါ။ ပြီးရင် ရေစစ်ပြီး အိုးထဲကို အကုန်ထည့်ပြီး ရောမွှေပေးပါ။ စိမ်းစားငါးပိကိုလည်း ရေဖျောပြီး ဇာကာဖြင့် စစ်ထည့် လိုက်ပါ။
ပြီးလျှင် ရေထည့်ပြီး ဆား၊ ဟင်းခတ်မှုန့်တို့ကို ရောသမအောင်မွှေပြီး အဖုံးခဏအုပ်ပေးပါ။ မိနစ်အနည်းခန့်ကြာရင် အရသာမြည်းကာ သံပရာရည်ညှစ်ပြီး ရင်တော့ အရသာရှိတဲ့ ငှက်ပျောဖူးဟင်းကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။