Myanmar
အချိုပွဲအတွက် သရက်သီးမလိုင်ထိုးမုန့်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ သရက်သီးပေါ်ချိန်တွင်
လုပ်စားနိုင်တဲ့ အိမ်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ သရက်သီးမလိုင်ထိုးမုန့်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ကောက်ညှင်းမှုန့်၊ သရက်သီးမှည့်၊ ပီလောပီနံမှုန့်၊ အုန်းနို့၊ သကြား၊ ထောပတ်၊ ဆီ၊ မလိုင်၊ ဘိန်းစေ့တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ဇလုံတစ်လုံးထဲ ကောက်ညှင်းမှုန့်၊ ပီလောပီနံမှုန့်၊ အုန်းနို့၊ သကြားနှင့် သရက်သီးတို့ကို ထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။
ပြီးလျှင် မကပ်သော ဒယ်အိုးတစ်ခုထဲ ဆီ သို့မဟုတ် ထောပတ်ထည့်ပြီး ကောက်ညှင်းမှုန့် အရောကို ထည့်လိုက်ပါ။
ပြီးရင်တော့ မီးအနေတော်ဖြင့်ထားပြီး အဆက်မပြတ် မွှေပေးထားပါ။
တဖြည်းဖြည်း ဆီပြန်ပြီး လုံးလာသည်အထိ မွှေပေးပါ။ မိနစ်အနည်းငယ်ခန့် မွှေပြီး လုံးလာပါက ဘိန်းစေ့အနည်းငယ်ထည့်ပြီး သမအောင်မွှေပေးကာ ပြီးလျှင် မီးဖိုမှ ချပြီး အအေးခံထားပါ။
ထိုးမုန့် အနည်းငယ် အေးသွားပါက အပေါ်မှ မလိုင်ကို ထည့်လိုက်ပြီး လိုသလို လှီးဖြတ်၍ အချိုပွဲကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။