Myanmar
နံရိုးပေါင်း ခေါက်ဆွဲ
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ပိတ်ရက် မိသားစုဆုံတုန်းလေးကို ဆိုင်တွင်သွားရောက်
စားသောက်စရာမလိုဘဲ အိမ်တွင်လည်း လုပ်စားနိုင်တဲ့ နံရိုးပေါင်းခေါက်ဆွဲ ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ၀က်နံရိုး၊ တရုတ်ပဲအမဲအနှစ်၊ ငရုတ်သီးစိမ်း၊ ပဲငံပြာရည်၊ ဟင်းရွက်ဆီ၊ ချင်း၊ ကြက်သွန်ဖြူ၊ သကြား၊ ဟင်းခတ်မှုန့်၊ ခရုဆီ၊ ကော်မှုန့်၊ နှမ်းဆီ၊ ဂျုံမှုန့်၊ မုန်ညင်း၊ ဆန်ဝိုင်၊ ငရုတ်ကောင်းမှုန့်တို့ လိုအပ်ပါမယ်။
ပထမဆုံး ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးစိမ်းတို့ကို ထည့်ပြီး ဆီသပ်ပေးပါ။
ပြီးလျှင် ပဲအမဲအနှစ်ထည့်ပြီး ရောမွှေလိုက်ပါ။ ပြီးရင်တော့ မီးခဏပိတ်ထားပါ။
ပြီးရင် ၀က်နံရိုး၊ ဆီသပ်ထားတဲ့ ပဲအမဲအနှစ်၊ ခရုဆီ၊ ပဲငံပြာရည်၊ ဟင်းခတ်မှုန့်၊ ဆန်ဝိုင်၊ ကော်မှုန့်၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်၊ သကြားတို့ကို သမအောင် ရောနယ်ပြီး မိနစ် ၃၀ ခန့် နှပ်ထားပါ။
နှပ်ပြီးလျှင် ပေါင်းအိုးထဲကို ထည့်လိုက်ပါ။ ရေထည့်လိုက်ပါ။ မိနစ် ၃၀ ခန့် တည်ပေးပါ။ အရိုးများ နူးအိသည်အထိ အဖုံးအုပ်ကာ တည်ထားပေးပါ။
ဝက်နံရိုးနူးပြီဆိုလျှင် ခေါက်ဆွဲပြုတ်လိုက်ပါ။ ဒယ်အိုးထဲ ရေများများထည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။
ရေဆူလာလျှင် ဂျုံခေါက်ဆွဲများထည့်ပြီး ကျက်သည်အထိ မိနစ်အနည်းငယ်ခန့် တည်ထားပြီး ဇကာဖြင့် ပြန်ဆယ်ထားပါ။
နောက်ဆုံးတွင် ပန်းကန်ထဲ ဂျုံခေါက်ဆွဲထည့်၊ မုန်ညှင်းတို့ ထည့်လိုက်ပါ။ နောက်မှ နံရိုးပေါင်း၊ နံရိုးပေါင်းချက်ထားတဲ့ဆော့ရည်တို့ကိုဆမ်းပြီးရင်တော့ အရသာရှိတဲ့ နံရိုးပေါင်းခေါက်ဆွဲကို မိသားစုပိတ်ရက် လူစုံတက်စုံ ရှိတုန်းလေးတွင် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။