Myanmar
မှိုဟင်းရည်သောက်ဆမ်း ချဉ်ငံစပ်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့
မှိုဟင်းရည်သောက်ဆမ်း ချဉ်ငံစပ်ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ မှို၊ မျှစ်ချဉ်၊ ငပိ၊ ငရုတ်သီးအမှည့်၊ ဖရုံသီး၊ ဆား၊ ဆူးပုတ်ရွက်၊ ဆီ၊ ကြက်သွန်ဖြူ၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး မှိုကို ရေဆေးပြီး အရွယ်တော်လေးတွေဖြစ်အောင်လုပ်ပြီး ရေစစ်ပေးထားပါ။ ပြီးလျှင် မျှစ်ချဉ်ကို လည်း အရွယ်တော်လှီးဖြတ်ပေးထားပါ။
ပြီးနောက် ကြက်သွန်ဖြူအခွံနွှာပြီး ညက်အောင်ထောင်းထားပါ။ ဖရုံသီးကိုလည်း ရေဆေးပြီး အတုံးခပ်သေးသေး တုံးထားပါ။
ပြီးရင်တော့ ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင် ကြက်သွန်ဖြူကို ဆီသတ်ပြီး မှို၊ မျှစ်ချဉ်၊ ငပိ၊ ငရုတ်သီးအမှည့် ဖရုံသီး၊ ဆူးပုတ်ရွက်တို့ကို ထည့်လိုက်ပါ။
အပေါ့အငန်မြည်းကြည့်ပြီး ဆား၊ ဟင်းခတ်မှုန့်တို့ကို အရသာ အနေတော်ဖြစ်အောင် ထည့်လိုက်ပါ။
ပြီးလျှင် ရေအနည်းငယ်ထည့်ပြီး ဆူပွက်အောင်အထိ တည်ထားပေးပါ။
မှိုကျက်ပြီဆိုရင်တော့ ချဉ်ငံစပ် အရသာရှိတဲ့ မှိုသောက်ဆမ်းဟင်းရည်ကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။