Myanmar
ကလေးထမင်းဘူးအတွက် ဝက်အူချောင်းနဲ့ အသီးစုံကြော်
ကလေးတိုင်းကျောင်းတက်ရေပြီဆိုတော့ကာ မိဘတွေဘာဟင်းချက်ပြီးထည့်ပေးရမလဲဆိုတာ စဉ်းစားရကြပ်နေသူများ
အတွက် လွယ်လင့်တကူချက်ပြုတ်နိုင်တဲ့ ၀က်အူချောင်းနဲ့ အသီးစုံကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ၀က်အူချောင်း (သို့မဟုတ်) ကြက်အူချောင်း၊ ပဲသီး၊ ခရမ်းချဉ်သီး၊ ပြောင်းဖူးအသေး၊ ဂျပန်တို့ဟူး၊ ခရုဆီ၊ ငရုတ်ကောင်း၊ သကြား၊ ဆား၊ ငံပြာရည်၊ ကြက်သွန်ဖြူ၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ပဲသီး၊ ခရမ်းချဉ်သီး၊ ပြောင်းဖူးအသေးတို့ကို ရေဆေးပြီး လှီးဖြတ်ထားပါ။
ဂျပန်တို့ဟူးကိုလည်း အဝိုင်းလေးတွေ လှီးထားပါ။
ကြက်အူချောင်း (သို့) ဝက်အူချောင်းကိုလည်း သေးသေးလေးတွေ လှီးထားပါ။
ပြီးလျင် ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဂျပန်တို့ဟူးနဲ့ ဝက်အူချောင်းတို့ကို ရောကြော်ပါ။ ဂျပန်တို့ဟူးလေးတွေက နူးညံ့တော့ သေသေချာချာ ဟိုဘက် ဒီဘက် လှန်ပေးပါ။
ဂျပန်တို့ဟူးလေးတွေရဲ့ မျက်နှာပြင်ကို မာမာတင်းတင်းလေး ဖြစ်အောင် ကြော်ပါ။
ပြီးလျှင် ဝက်အူချောင်း နဲ့ ဂျပန်တို့ဟူးလေးတွေကို ပန်းကန်တစ်လုံးထဲသို့ထည့်ထားပါ။
ကြက်သွန်ဖြူ အနည်းငယ်ကို ပါးပါးလှီးပြီး ဆီသတ်ထားပါ။
ပြီးနောက် လှီးထားသော ပဲသီး၊ ခရမ်းချဉ်သီးနဲ့ ပြောင်းဖူးအသေးကို မိနစ်အနည်းငယ်ခန့် ထည်ေ့ကြာ်ပေးပါ။
ပြီးရင်တော့ သကြား၊ ဆား၊ ငံပြာရည်နှင့် ရေအနည်းငယ် ထည့်လိုက်ပါ။
ကြော်ထားသော ဝက်အူချောင်း နဲ့ ဂျပန်တို့ဟူးလေးတွေကို ရောထည့်ပါ။ ပြီးတော့မှ အပေါ်ကနေ ခရဆီလေး စမ်းပြီး အနည်းငယ်မွှေကာ ဒယ်အိုးကို အဖုံးဖုံးထားပါ။
ရေများ ခမ်းခြောက်ခါနီးတွင် ငရုတ်ကောင်းအနည်းငယ် ဖြူးလိုက်ပါ။ ပြီးနောက် ရေခမ်းသွားရင်တော့ ကလေးများအကြိုက်တွေ့စေမည့် ၀က်အူချောင်းနဲ့ အသီးစုံကြော်ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။