Myanmar
ချဉ်ငံစပ် ငါးခေါင်းဟင်းရည်
အရည်သောက်လေးနှင့် ချဉ်ငံစပ်စားချင်သူများအတွက် ပြုလုပ်ရတာလည်း
လွယ်ကူစေတဲ့အပြင် မိသားစု စုံစုံညီညီနဲ့ စားလို့ရတဲ့ ချဉ်ငံစပ် ငါးခေါင်းဟင်းရည်ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ချဉ်ငံစပ် ငါးခေါင်းဟင်းရည်ချက်ဖို့ ပါဝင်ပစ္စည်းတွေကတော့ ငါးရံ့ခေါင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ စပါးလင်၊ ခရမ်းချဉ်သီး၊ ပဲပြား၊ ငုံးဥ၊ ငါးဖယ်လုံး၊ မျှစ်ချဉ်နုနု၊ ရှမ်းနံနံ၊ ငရုတ်သီးအစိမ်းမှုန့်၊ ငရုတ်သီးစိမ်း၊ ဆီ၊ ငံပြာရည်၊ ဆား၊ သကြား တို့ ပါဝင်ပါမယ်။
ပထမဆုံး ငါးခေါင်းကို ရေဆေးသန့်စင်ပြီးလျှင် အရွယ်တော်လေးပိုင်း၍ ဆား၊ နနွင်းတို့ဖြင့် နယ်လိုက်ပါ။
ပြီးလျှင် ကြက်သွန်အနီ၊ ကြက်သွန်ဖြူနှင့် ချင်းကို အခွံနွှာရေဆေးကာ မညက်တညက် ထောင်းထားပေးပါ။
ပြီးရင် စပါးလင်ကို ရင့်တဲ့အပိုင်းများဖယ်ပြီး ရေဆေး၍ စပါးလင်ကို ထုချေပြီး အထုံးလေးဖြစ်အောင် ထုံးထားပါ။
ပြီးရင်တော့ ခရမ်းချဉ်သီးကို ရေဆေး၍ လေးစိတ်စိတ်ထားပါ။ ပဲပြားကိုလည်း ရေဆေးပြီး အနေတော် လေးထောင့် အတုံးလေးတွေဖြစ်အောင် တုံးထားပါ။
ပြီးလျှင် ငုံးဥကို ကျက်အောင် ပြုတ်ပြီး အခွံခွာထားပါ။ ငါးဖယ်လုံးအတွက် ငါးဖယ်ခြစ်ပြီးသားကို ဆား၊ နနွင်းဖြင့် စေးအောင် နယ်ပြီး ငုံးဥအရွယ်ခန့်လုံးထားပါ။ မျှစ်ချဉ်ကို ကြိုက်နှစ်သက်လို လှီးဖြတ်ထားပါ။
ပြီးနောက် ရှမ်းနံနံကို ရေဆေးကာ လက်နှစ်ဆစ်ခန့်ဖြတ်ထားပြီး ငရုတ်သီးစိမ်းကို အညှာချွေ၊ ရေဆေး၍ ထက်ခြမ်း ခြမ်းထားပါ။
ငါးခေါင်းဟင်းရည်ချက်ဖို့အတွက် လိုအပ်တာတွေပြင်ဆင်ပြီးရင် ဟင်းချက်မည့်ဒယ်အိုးထဲတွင် ဆီထည့်ပါ။
ဆီပူလျှင် ထောင်ထားတဲ့ ကြက်သွန်အနီ၊ ကြက်သွန်ဖြူနှင့် ချင်းတို့ကို ငရုတ်သီးအစိမ်းမှုန့်ထည့်၍ ဆီသပ်ပါ။
ကြက်သွန်များ ရွှေဝါရောင်သမ်းစပြုပြီး အနံ့လေးမွှေးလာရင် ခရမ်းချဉ်သီး၊ မျှစ်ချဉ်နဲ့ စပါးလင်ကို ထည့်မွှေပါ။
ပြီးလျှင် ငါးခေါင်းနှင့် ဆား၊ သကြား၊ ငံပြာရည်တို့ကို ထည့်၍ သမအောင် မွှေပြီးရင် ရေထည့် အဖုံးအုပ်ပြီး ဟင်းရည်ပွက်ပွက်ဆူတဲ့အထိ တည်ထားပေးပါ။
ဟင်းရည်ဆူလာရင် ပဲပြား၊ ငုံးဥ၊ ငါးဖယ်လုံးနဲ့ ငရုတ်သီးစိမ်းများ ထည့်လိုက်ပါ။ ငါးခေါင်းဟင်းရည်ကို အချိုရည်ကျအောင် ပွက်ပွက်ဆူပြီး မိနစ်အနည်းငယ်ကြာအောင် ဆက်တည်ပေးရပါမယ်။
ပြီးလျှင် အရသာမြည်းကာ ဟင်းအိုးချကာနီးတွင် ရှမ်းနံနံကို အုပ်ခပ်လိုက်ပါ။ ချဉ်စပ်အရသာနဲ့ ရှမ်းနံနံနှင့် စပါးလင်ရနံ့လေး မွှေးသင်းနေတဲ့ ငါးခေါင်းဟင်းရည်ကို ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။