Myanmar
သက်သတ်လွတ် အသားတု ဘာလချောင်ကြော်
အသားမကြိုက်သူများနှင့် သက်သတ်လွတ်စားချင်သူများအတွက် အဆင်ပြေမည့်
သက်သတ်လွတ် အသားတု ဘာလချောင်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဟင်းကတော့ ထမင်းစားမြိန်စေမည့်အပြင် ခရီးသွားမည့်သူများအတွက်လည်း ထုပ်ပိုးပြီး သယ်ဆောင်သွားနိုင်တဲ့ ဟင်းဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ အသားတု၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခွဲကြမ်း၊ မြေပဲလှော်၊ ဆား၊ ဆီ၊ ဟင်းခတ်မှုန့်တို့ ပါဝင်ရမှာ ဖြစ်ပါတယ်။
ပထမဆုံး အသားတုကို မိနစ်အနည်းငယ်ခန့် ကြိုတင်၍ ရေစိမ်ထားပါ။ ပြီးလျှင် ရေကို စင်နေအောင် ညှစ်ထုတ်ပြီး အပိုင်းလေးများဖြစ်အောင် လှီးဖြတ်ထားပါ။
ပြီးလျှင် ဆား၊ ဟင်းခတ်မှုန့်တို့ဖြင့် ရောမွှေပေးပါ။ ပြီးရင်တော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကိုလည်း ပါးပါးလှီးထားပါ။
ပြီးနောက် ဒယ်အိုး တစ်လုံးမှာ ဆီထည့် အပူပေးပြီး အသားတုတွေကိုကြွပ်အောင် ကြော်ပြီး ဆီစစ်ထားပါ။ အကျက်မလွန်အောင် ဂရုစိုက်ရပါမယ်။
ပြီးလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူကိုလည်း ကြွပ်နေအောင် ကြော်ယူပြီး အအေးခံထားပါ ။
ကြော်ပြီးရင်တော့ ပိုနေတဲ့ ဆီတွေကို ဖယ်ထုတ်ပြီး လက်ကျန် ဆီ အနည်းငယ်မှာ ငရုတ်သီးခွဲကြမ်းဖတ်ကို နနွင်းမှုန့် အနည်းငယ်နှင့်အတူ ဆီသတ်လိုက်ပါ။
ပြီးလျှင် မီးလျှော့ပြီး ဆားနှင့် ဟင်းခတ်မှုန့် အနည်းငယ်စီနှင့် အရသာအပေါ့အငန်မြည်းကြည့်ပါ။ ခွဲခြမ်း ပြုလုပ်ထားတဲ့ မြေပဲလှော်နှင့် ကြော်ထားတဲ့ အသားတုတွေထည့်ပြီး မွှေပေးပါ။
နောက်ဆုံးမှ ကြော်ပြီး ဆီစစ်ထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အကြွပ်ကြော်တွေကို ရောထည့်ပြီး မွှေပေးပြီးရင်တော့ ထမင်းမြိန်စေမည့် သက်သတ်လွတ်အသားတု ဘာလချောင်ကြော်ကို စိတ်ကြိုက် သုံးဆောင်နိုင်ပါတယ်။