Myanmar
ရှမ်းဒေသအစားအစာ မုန့်တီ
ကျိုင်းတုံခေါက်ဆင့် ခေါ် ရှမ်းမုန့်တီကိုတော့ ဆိုင်တွင် သွားစားစရာမလိုဘဲ ကိုယ့်အိမ်တွင်လည်း
လွယ်လင့်တကူ လုပ်စားနိုင်အောင် ရှမ်းမုန့်တီပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ နန်းကြီးမုန့်ဖတ်၊ ကြက်ကြိတ်သား၊ ကြက်လည်ချောင်းရိုး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ဆနွင်း၊ အရောင်တင်မှုန့်၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ရွှေပဲညွန့်၊ ဆလတ်၊ လက်ပံပွင့်၊ ခရမ်းချဉ်သီး၊ ပဲပုပ်၊ ငရုတ်သီးဆီကြော်၊ နှမ်းထောင်း၊ ဘဲသွေး၊ ဟင်းခတ်မှုန့် တို့ လိုအပ်ပါမယ်။
ပထမဆုံး ဆီ အနည်းငယ် အပူပေးပြီး ဆီပူလာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကို ဆနွင်း အနည်းငယ်နှင့် ဆီသတ်ပါ။
မွှေးလာမှ အရောင်တင်မှုန့် ထည့် ကြိတ်ထားတဲ့ ခရမ်းချဉ်သီး ထည့်မွှေပါ။ ခရမ်းချဉ်သီး ဆီပြန်လာမှ အသားနဲ့ အရိုးတွေ ထည့်မွှေပေးပါ။
အရသာ အတွက် ဆား၊ ဟင်းခတ်မှုန့် ထည့် ပဲပုပ် မီးကင် တစ်ချပ်ကို ဖဲ့ပြီး ထည့်လိုက်ပါ။ အသားမှာ ပါတဲ့ ရေခမ်းရင် ဟင်းရည် အတွက် ရေထည့်ပါ။ အရည် ပွက်ပွက်ဆူပြီး အသားနူးရင် အရိုးထဲက အချိုရည် ထွက်လာရင်တော့ ပြုတ်ထားတဲ့ ဘဲသွေး ညှပ်ထည့်ပါ။
ဟင်းရည် ရပြီဆိုရင် မြေအိုး ထဲ တစ်ပွဲစာ ဟင်းရည် ခပ်ထည့် မီးအပူပေးပါ။ ပွက်ပွက်ဆူလာရင် နန်းကြီးမုန့်ဖတ်ထည့်၊ ရွှေပဲညွန့် ပါးပါးလှီး၊ ကြက်သွန်မြိတ် နှမ်းထောင်းဖြူး၊ ငရုတ်သီး ဆီကြော်ထည့်၊ လက်ပံပွင့် ထည့်ပြီး အိုးအဖုံး ခဏအုပ် မိနစ်အနည်းငယ်လောက်နေရင် မီးပိတ်ပြီးရင်တော့ မုန့်တီပူပူလေးကို အသင့်သုံးဆောင်နိုင်ပါပြီ။