Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရှမ်းခေါက်ဆွဲပြုလုပ်နည်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် မိသားစုလုပ်စားနိုင်တဲ့ ရှမ်းခေါက်ဆွဲပြုလုပ်နည်းအကြောင်းကို

တင်ဆက်ပေးလိုက်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ကြက်သား၊ ဆန်ခေါက်ဆွဲ၊ မြေပဲလှော်၊ ရှမ်းချဉ်၊ ကြက်သွန်မိတ်၊ ငရုတ်သီးဆီကြော်၊ ပဲငံပြာရည်အပျစ်၊ ပဲပုပ်စေ့လှော်ထောင်းပြီးသား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ တရုတ်မဆလာ၊ နှမ်းဖြူ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးအစိမ်းမှုန့်၊ ဆား၊ ပဲငံပြာရည်တို့ လိုအပ်ပါမယ်။

ကြက်သားများကို သန့် စင်ပြီး အတုံးခပ်သေးသေးတုံးထားပြီး နနွင်းမှုန့်၊ ဆားတို့နှင့်ရောနယ်ပါ။

ဟင်းအနှစ်အတွက် ခရမ်းချဉ်သီးကို အစေ့တွေ ဖယ်ပြီး ပါးပါးလှီးထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ ကို ပါးပါးလှီးပါ။

ဒယ်အိုးထဲ ဆီထည့်ပြီး ဆီဆူလာလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအစိမ်းမှုန့်တို့ ရောပြီး ဆီသတ်ပေးပါ။

အနံ့များမွှေးလာလျှင် ခရမ်းချဉ်သီးတွေကို အရင်ကြေအောင် ချက်ပါ။ ပြီးမှ ကြက်သားတွေကို ထည့်ပြီးလုံးပါ။ ပြီးနောက် ရေနွေးအနည်းငယ်ထည့်တည်ထားပါ။

ပြီးလျှင် ဆီပြန်အောင် ဆက်တည်ပါ။ ဆားနှင့် ပဲငံပြာရည် ရောထည့်မွှေပါ။ ဟင်းအနှစ်အရည်အတွက် ရေနွေးအနည်းငယ် ထပ်တည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။

ကြက်သွန်ဖြူဆီချက်အတွက် ကြက်သွန်ဖြူကို အရင်ဆီသတ်ထားပါ။ မီးပိတ်ပြီးမှ တရုတ်မဆလာထည့်မွှေပါ။ နှမ်းဖြူထည့်ပြီး ပန်းကန်လုံးထဲ ပြောင်းထည့်ပါ။

ဆန်ခေါက်ဆွဲတွေကို ရေ နှစ်ရီခန့်  ကြိုစိမ်ထားပါ။ မြေပဲလှော်ကို အခွံချွတ်ပြီး မညက်တညက်ထောင်းထားပါ။

ကြက်သွန်မိတ်နှင့် ရှမ်းချဉ်ကို သေးသေးလှီးထားပါ။ ဟင်းချိုအတွက် ကြက်ရိုးတွေကို ချင်း၊ ကြက်သွန်ဖြူတို့ နှင့် ရောပြုတ်ထားပါ။

မုန့်ဖတ်ပြုတ်ရန်အတွက် ရေနွေးအိုးကို ပွက်ပွက်ဆူအောင် တည်ထားပါ။ မုန့်ဖတ်ကို စားနိုင်သလောက် မုန့်  ဖတ်ကို အရိုးရှည်ဇကာထဲထည့်ပြီး ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲ စိမ်လိုက်ပါ။ ပြီးလျှင် တူဖြင့် အနည်းငယ်မွှေပေးပါ။

ရေစစ်ပြီး စားမည့်ပန်းကန်ထဲ ထည့်ပါ။ ကြက်သားဟင်းအနှစ်၊ မြေပဲလှော်မှုန့်၊ ကြက်သွန်ဖြူဆီချက် အစရှိသော အစာပလာ အနည်းငယ်စီထည့်ပါ။


ပဲငံပြာရည်အပျစ်ကို ထည့်ပြီး ကိုယ်ကြိုက်သလို ချဉ်ငံစပ်ဖြစ်အောင် လိုတာထပ်ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။

ဟင်းချိုအတွက် ကြက်ရိုးပြုတ်ရည်ကို ခပ်ထည့်ပြီး ကြက်သွန်မိတ်၊ ငရုတ်ကောင်းအနည်းငယ် ထည့်လိုက်လျှင် ဖြင့် အရသာရှိသော ဟင်းချိုနှင့် ရှမ်းခေါက်ဆွဲကို တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Thursday, 13 September 2018 17:33
Rate this item
(4 votes)