Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


သစ်ကြားသီး၏ အကျိုးကျေးဇူးများ

သစ်ကြားသီး စားရင် အဆီတက်မှာစိုးလို့ဆိုပြီး တချို့ က ရှောင်တတ်ကြပါတယ်။


တကယ်က သစ်ကြားသီးမှာပါဝင်တဲ့ အဆီက ကောင်းတဲ့အဆီပါ။ တစ်နေ့မှာ အသင့်အတင့်ပမာဏကို စားပေး ရင် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တဲ့ အပြင် အောက်ပါကျန်းမာရေးစွမ်းပကားတွေကိုလည်း ရရှိပါလိမ့်မယ်။

 

နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးခြင်း

သစ်ကြားသီးမှာ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်တီအောက်ဆီးဒင့် များစွာပါဝင်ပါတယ်။ သစ်ကြားသီးမှာ အိုမီဂါ၃ ဖက်တီး အက်စစ်လည်း ပါဝင်နေပါတယ်။ ဒါကြောင့် သစ်ကြားသီးကို စားတာက သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက် အဆင့်ကို လျော့ကျ စေတာကြောင့် နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။

 

စိတ်ကျရောဂါ သက်သာစေခြင်း

သစ်ကြားသီးနဲ့ သစ်ကြားသီးအဆီမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်မှုများတာကြောင့် ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းလုပ်ဆောင်နိုင်စေပြီး စိတ်ကျရောဂါကို သက်သာစေပါတယ်။ စိတ်ကျရောဂါခံစားနေရသူအများစုဟာ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပမာဏ လျော့နည်းနေတတ်ပါတယ်။ ကလေးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်လျော့ ကျနေရင် အာရုံစူးစိုက်မှုချို့တဲ့တဲ့ရောဂါ (ဗီံ)နဲ့ ဆက်စပ်မှုရှိတယ်လို့ လေ့ လာမှုများစွာက ဆိုပါတယ်။

 

ကိုယ်အလေးချိန်ကို လျော့ကျစေခြင်း

သစ်ကြားသီးရဲ့ ကောင်းတဲ့အကျိုးတစ်ခုက ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တာပဲ ဖြစ်ပါတယ်။ လိုမာလင်ဒါတက္ကသိုလ်ရဲ့ လေ့လာမှုတွေအရ ထမင်းမစားခင် သစ်ကြားသီးအနည်းငယ်စားတာက အစာစားချင်စိတ်ကို လျော့ကျစေပြီး အစာကို နည်းနည်းပဲ စားဖြစ်စေတယ်လို့ သိရပါတယ်။

 

ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးခြင်း

သစ်ကြားသီးမှာ အာဟာရတန်ဖိုးများစွာ ပါဝင်တာကြောင့် တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို ကောင်းကောင်း ရရှိစေပါတယ်။ သစ်ကြားသီးမှာ ပရိုတင်းဓာတ်၊ ဗီတာမင်ဘီ၊ ဗီတာမင်အီး၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနိစ်တွေ ပါဝင်နေတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေသလို ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း အရေးပါပါတယ်။

 

ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိုင်ခြင်း

သစ်ကြားသီးမှာ အင်တီအောက်ဆီးဒင့်များစွာ ပါဝင်တာကြောင့် ဆီးကျိတ်ကင်ဆာကို ကာကွယ်နိုင်စွမ်းရှိတယ်လို့ ဗြိတိန်အာဟာရဂျာနယ်မှာ လတ်တလောတွေ့ရှိချက်တစ်ရပ်ကို ရေးသားဖော်ပြထားပါတယ်။

 

မှတ်ဥာဏ်ကို ကောင်းမွန်စေခြင်း

သစ်ကြားသီးကို ဦးနှောက်အာဟာရလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ အကြောင်းကတော့ သစ်ကြားသီးက ဦးနှောက်အခွံပုံသဏ္ဌာန်ရှိတဲ့အပြင် မှတ်ဥာဏ်အားကောင်းစေတဲ့ အိုမီဂါ ၃ အဆီတွေများစွာ ပါဝင်တာကြောင့်ပါ။ ဦးနှောက်ဟာ အဆီ ၆၀ ရာခိုင်နှုန်းကျော် နဲ့ တည်ဆောက်ထားပါတယ်။ ဦးနှောက်ဆဲလ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ အဆီတည်ဆောက်ရာမှာ အိုမီဂါ ၃ အဆီ လိုအပ်ပါတယ်။

 

သည်းခြေကျောက်တည်မှုမဖြစ်အောင် ကာကွယ်နိုင်ခြင်း

အမျိုးသမီး ရှစ်သောင်းကျော်ကို နှစ် ၂၀ ကြာလေ့လာမှုအရ တစ်ပတ်မှာ သစ်ကြားသီးလို အခွံမာတဲ့အစေ့အဆန် တစ်အောင်စ စားတဲ့ အမျိုးသမီးတွေက မစားသူတွေထက် သည်းခြေကျောက် တည်နိုင်ခြေ ၂၅ ရာခိုင်နှုန်းလျော့နည်းကြောင်း သိရပါတယ်။ တစ်အောင်စဆိုတာ ပျမ်းမျှအားဖြင့် သစ်ကြားသီး အစေ့ ၂၈စေ့ခန့်နဲ့ ညီမျှပါတယ်။ ဒါမှမဟုတ် နေ့လယ်စာစားပြီးချိန်မှာ သစ်ကြားသီး လက်တစ်ဆုပ်စာပမာဏကို စားပေးရင်လည်း သည်းခြေကျောက်တည်တာအပါအဝင် သည်းခြေအိတ်ဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

 

ကောင်းကောင်း အိပ်မောကျစေခြင်း

ညစာစားရာမှာ ဟင်းရွက်သုပ်ထဲ သစ်ကြားသီးထည့်စားပေးရင် ကောင်းကောင်းအိပ်မောကျစေပါတယ်။ သစ်ကြားသီးမှာပါတဲ့ မယ်လတိုနင်ဟာ ညဆိုင်းအလုပ်လုပ်ရသူ၊ လေယာဉ်အကြာကြီးစီးရသူတွေမှာ အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ်။

 

ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုကို တွန်းလှန်နိုင်ခြင်း

သစ်ကြားသီးကို စားရင် ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုဖြစ်လာတဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။ ဥပမာကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါနဲ့ ပါကင်ဆန်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါတို့လို ရောဂါတွေကို သက်သာစေပါတယ်။

 

အရိုးကျန်းမာရေးကို ကောင်းမွန်စေခြင်း

သစ်ကြားသီးမှာပါတဲ့ Alpha linolenic acid ဟာ အရိုးဖြစ်ပျက်မှုကို အလွန်အမင်းမဖြစ်အောင် ကာကွယ်ပေးတာကြောင့် အရိုးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ သစ်ကြားသီးမှာ အိုမီဂါ ၃ အဆီပါဝင်မှုကြောင့် အရိုးထုထည်ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။


Source: Good Health

Read times Last modified on Monday, 08 July 2019 17:44
Rate this item
(0 votes)