Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထန်းတောင်သူများ ထန်းဖိုရာသီပြီးဆုံး၍ ထန်းမရာသီစတင်ချိန် ထန်းလျက်ဈေး ကျဆင်းနေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ထန်းတောင်သူများ ထန်းဖိုထန်းတက် လုပ်ငန်းပြီးဆုံးချိန် ထန်းမ ထန်းတက်လုပ်ငန်းစတင်ချိန်တွင် ထန်းလျက်တပိသာ ၁၄၀၀ ကျပ် သာ ဈေးနှုန်းဖြင့်ရောင်းချနေရကြောင်း ညောင်ဦးမြို့နယ် ထန်းတောင်သူများထံက သိရသည်။

 

ထန်းတောင်သူများသည် ထန်းတက်လုပ်ငန်းများအား တန်ခူးလမှစတင်၍ သီတင်းကျွတ်လတွင် ထန်းရာသီပြီးဆုံးကြောင်း၊ တန်ခူးလမှစတင်၍ ထန်းဖိုပင်များစတင် ထန်းတက်ကြပြီး ထန်းဖိုရာသီ ထန်းလျက်ချက်လုပ်ငန်း နယုန်လတွင်ပြီးဆုံးကာ ထန်းမထန်းတက်ရာသီ အဖြစ်စတင်၍ ထန်းမထန်းတက်လုပ်ငန်းစတင်ပြီး သီတင်းကျွတ်လတွင် ထန်းရာသီလုပ်ငန်း သိမ်းဆည်းကြကြောင်း ညောင်ဦးမြို့နယ်၊ ကူကျေးရွာအုပ်စု၊တောင်ရှေ့ကျေးရွာ ထန်းတောင် သူဦးအေးဟန်က ပြောသည်။

 

ညောင်ဦးမြို့နယ် ထန်းတောင်သူများ ထန်းလျက်ရရှိချိန် ထန်းလျက်ရောင်းချရာတွင် ထန်းရာသီတလျှောက် ဈေးနှုန်းတူညီမှုမရှိပဲ ပေါ်ဦးပေါ်ဖျားထန်းလျှက်ဈေးနှုန်းမှာ တပိဿာ ၂၀၀၀ ကျပ်စတင်ရောင်းချခဲ့ရပြီး ထန်းလျက်လှိုင်လှိုင်ပေါ်ချိန် ထန်းပိုတွဲလတွင် ထန်းလျက် ဈေးနှုန်း ၁၂၀၀ ကျပ်ထိ ဈေးနှုန်းကျဆင်းလေ့ရှိကာ ထန်းမရာသီချိန်တွင် ထန်းလျက်ဈေးနှုန်း ၁၄၀၀ ကျပ်မှ ၁၅၀၀ကျပ်ထိရှိကြောင်း တောင်ရှေ့ကျေးရွာ ထန်းလျက်ချက်သည့် ဒေါ်သန်းသန်းမြင့်က ရှင်းပြသည်။

 

ထန်းတောင်သူလုပ်ငန်းသည် ကရိကထအလွန်များပြားကာ အိမ်ရှိလူကုန် ဝိုင်းဝန်းလုပ်ကိုင် ကြရပြီး၊ ထန်းတက်လုပ်ငန်းမတင်မီအချိန်ကပင် ထန်းတက်လုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်ရ သည့် ပစ္စည်းများကြိုတင် စုဆောင်းပြင်ဆင်ထားရကြောင်း၊ ထန်းလျက်ချက်လုပ်ရန် ထန်းလျက်ချက်ဖိုပြုလုပ်ရန် မြေနီ၊ မြေစေးတူးယူကာ ဖိုပြုလုပ်ရကြောင်း၊ ထန်းလျက်ချက်ရန် လောင်စာကြိုတင်စုဆောင်းထားရခြင်း၊ ထန်းဆွဲမြူအိုး ကြိုတင်ဝယ်ယူထားရခြင်းနှင့် ယင်းဆွဲ၊ ယင်းထောင်၊ ထန်းလှီးအိမ်၊ ထန်းလှီးဓားများ ထန်းစတင်ပြင်ဆင်နိုင်ရန် ကြိုတင်စုဆောင်းထားရကြောင်း ထန်းတောင်သူများကရှင်းပြသည်။

 

ထန်းလျက် တပိဿာရရှိရန် ထန်းဆွဲမြူအိုးငါး လုံးအပြည့်ကျိုချက်မှ ထန်းလျက် တပိဿာသာရရှိပြီး မြူအိုးတလုံးလျှင် နှစ်လီတာရှိကြောင်း၊ မနှစ်က ထန်းမရာသီ ထန်းလျှက်တပိဿာ (၁၆၀၀) ကျပ်ရောင်းချရပြီး ယခုနှစ်တွင် (၁၄၀၀) ကျပ်သာ ရောင်းချရခြင်းကြောင့် ထန်းမထန်းရာသီထန်းလျှက်ဈေး နှုန်းကျဆင်းနေကြောင်း ထန်းတောင်သူများထံမှ သိရသည်။

 

IPRD Mandalay

Read times
Rate this item
(0 votes)