Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရခိုင်ပြည်နယ်ရှိ Quarantine စင်တာများတွင် စားနပ်ရိက္ခာများထောက်ပံ့ရန် WFP က ပူးပေါင်းကူညီ ဆောင်ရွက်သွားမည်

ရခိုင်ပြည်နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများတွင် စားနပ်ရိက္ခာများထောက်ပံ့ရန် လူမှုဝန်ထမ်း၊

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရတို့ကို WFP က ပူးပေါင်းကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနနှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့၏ ပူးတွဲသတင်းထုတ်ပြန်ချက် ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၏ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုဖြင့် ရခိုင်ပြည်နယ်အစိုးရနှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့သည် ရခိုင်ပြည်နယ် တစ်ဝှမ်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများ၌ စားနပ်ရိက္ခာထောက်ပံ့ပေးရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၂၀ စက်တင်ဘာလ ပထမပတ်တွင် လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်အရ ရခိုင်ပြည်နယ်၏ မြို့နယ်(၈)မြို့နယ်တွင် အသွားအလာကန့်သတ် စောင့်ကြည့်မှု ခံယူနေရသူများအတွက် အသွားအလာ ကန့်သတ်မှု ကာလတစ်လျှောက်လုံး အသင့်စားသုံးနိုင်သော အာဟာရပြည့်ဝသည့် စားနပ်ရိက္ခာများကို WFP မှ တစ်ရက်လျှင် သုံးနပ်စာ ထောက်ပံ့သွားမည်ဖြစ်ပါသည်။

၂၀၂၀ ခုနှစ် သြဂုတ်လ (၁၆) ရက်နေ့မှစတင်၍ ရခိုင်ပြည်နယ်အတွင်း ‌ ဒေသတွင်း COIVD 19 ရောဂါ ကူးစက်မှုသည် စစ်တွေမြို့ကို ဗဟိုပြု၍ များပြားလာခဲ့ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ရန်အတွက် ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်မှုအစီအမံများကို အချိန်တိုအတွင်း ချမှတ်ဖော်ဆောင်ခဲ့ပြီး၊ ရောဂါပိုး တွေ့ရှိသူများနှင့် ထိတွေ့ဆက်ဆံမှုရှိသူများကို ခြေရာခံခြင်းနှင့် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများ ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၁၀ ရက်နေ့အထိ ကိန်းဂဏန်းများအရ ပြည်နယ်တစ်ဝှမ်း လူဦးရေ ၁,၅၀၀ ဝန်းကျင်သည် နိုင်ငံတော်အစိုးရက စီစဉ်ထားသည့် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများတွင် အသွားအလာ ကန့်သတ်မှု ခံယူနေကြကြောင်း သိရှိရပါသည်။

“လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ သဘာဝဘေးနဲ့ လူကြောင့်ဖြစ်တဲ့ဘေး စတဲ့ ဘေးအန္တရာယ်တွေ တွေ့ကြုံနေရတဲ့ပြည်သူတွေ၊ ထိခိုက်ခံစားရ လွယ်တဲ့ပြည်သူတွေကို “မည်သူတစ်ဦး တစ်ယောက်ကိုမျှ ချန်လှပ်ထားခြင်းမရှိစေရ” ဆိုတဲ့ မူနဲ့အညီ လိုအပ်တဲ့ကူညီထောက်ပံ့မှုတွေ ပေးအပ်နိုင်ဖို့ အမြဲ ကြိုးပမ်းဆောင်ရွက် လျက်ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ သြဂုတ်လ(၁၆)ရက်နေ့က COIVD 19 ရောဂါ ကူးစက်လူနာ စတင် တွေ့ရှိရတဲ့အချိန်ကစပြီး ဝန်ကြီးဌာနအနေနဲ့ ရခိုင်ပြည်နယ်အစိုးရ၊ ပြည်တွင်းနဲ့နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ စဉ်ဆက်မပြတ်ချိတ်ဆက်ပြီး လိုအပ်ချက်တွေကိုဆန်းစစ်ခြင်း၊ ထောက်ပံ့မှုတွေ ပေးအပ်နိုင်ဖို့ ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ ကူးစက်မှုတွေ များပြားလာတာကြောင့် ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရနဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ ဆွေးနွေးမှု များပြုလုပ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်မှာရှိတဲ့ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာများမှာ အသွားအလာကန့်သတ်မှုခံယူနေသူများကို စားနပ်ရိက္ခာထောက်ပံ့ဖို့ သဘောတူညီချက်ကို ပြည်နယ် အစိုးရနဲ့ WFP တို့လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့အနေနဲ့ WFP ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ မြန်မာနိုင်ငံ အပေါ် ထောက်ပံ့ကူညီမှုများကို အသိအမှတ်ပြုပါတယ်။” ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။

ရခိုင်ပြည်နယ်အစိုးရနှင့် WFP တို့အနေဖြင့် ကျောက်ဖြူ၊ ကျောက်တော်၊ စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးနှင့် အမ်းမြို့နယ်များရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများတွင် စားနပ်ရိက္ခာ အထောက်အပံ့များကို စက်တင်ဘာလအတွင်း ပေးအပ်သွားမည်ဖြစ်ပါသည်။ ထိုမှတစ်ဆင့် အကူအညီများကို ဆက်လက် ပေးအပ်နိုင်ရေးအတွက် COVID-19 ဖြစ်ပွားမှုအခြေအနေနှင့် အထောက်အပံ့လုပ်ငန်း တိုးတက်မှုအခြေအနေများကို အတူလေ့လာသုံးသပ်ကာ ဆုံးဖြတ်ဆောင်ရွက်ကြမည်ဖြစ်ပါသည်။

“WFP ဟာ ၁၉၉၄ ခုနှစ်ကတည်းကစပြီး ရခိုင်ပြည်နယ်အတွက် အကူအညီအထောက်အပံ့တွေပေးနေတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး အခုအချိန်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရတို့နဲ့ ပူးပေါင်းပြီး‌တော့ နိုင်ငံတော်အစိုးရရဲ့ COVID-19 တုန့်ပြန်ရေးလုပ်ငန်းတွေမှာ ပံ့ပိုးကူညီတဲ့ အနေနဲ့ စားနပ်ရိက္ခာ အ‌ထောက်အပံ့တွေကို တိုးမြှင့်ပေးအပ်ခွင့်ရတာ ဂုဏ်ယူမိပါတယ်၊၊ ရခိုင်ပြည်နယ်မှာ‌ရော မြန်မာနိုင်ငံရဲ့ တခြားဒေသတွေမှာပါ စားနပ်ရိက္ခာနဲ့ အာဟာရလိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်ရေး နိုင်ငံတော်အစိုးရရဲ့ ဆောင်ရွက်ချက် တွေမှာ အကူအညီလိုအပ်သ၍ အခုထက်ပိုပြီးပါဝင်ကူညီပေးနိုင်ဖို့ ကျွန်တော်တို့အဆင်သင့်ပါပဲ” ဟု Mr. Stephen Anderson က ပြောသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် WFP သည် စားနပ်ရိက္ခာနှင့် အာဟာရ ဖြန့်ဖြူးမှုများကို ဆက်လက်ဆောင်ရွက်နေပြီး၊ နေရပ်စွန့်ခွာသူများနှင့် ထိခိုက်လွယ်အုပ်စုများကို ရခိုင်ပြည်နယ်အလယ်ပိုင်းတွင် လူဦးရေ ၂၀၀,၀၀၀ နီးပါးနှင့် ရခိုင်မြောက်ပိုင်းတွင် လူဦးရေ ၁၀၀,၀၀၀ ဝန်းကျင်တို့ကို လစဉ်လတိုင်း ထောက်ပံ့ပေးလျက်ရှိပါသည်။ ထို့အပြင် နိုင်ငံတော်အစိုးရ၏ COVID-19 တုံ့ပြန်မှုလုပ်ငန်းများကို ပံ့ပိုးသည့်အနေဖြင့် ရခိုင်ပြည်နယ် အပါအဝင် WFP အထောက်အပံ့များပေးအပ်နေသည့်‌ဒေသများ၌ Personal Protective Equipment များ၊ ပိုးမွှားသန့်စင်ရေးပစ္စည်းများနှင့် ဒီဂျစ်တယ်သာမိုမီတာများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် WFP သည် အခြား ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၀) ခုရှိ ကွာရန်တင်းစင်တာများတွင် နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ကာလတို စားနပ်ရိက္ခာနှင့် အာဟာရအထောက်အပံ့များကို ပေးအပ်လျက်ရှိရာ နေရပ်ပြန်ဦးရေ ၆၀,၀၀၀ ကျော်ကို ကူညီပေးခဲ့ပြီးဖြစ်ပါသည်။

Read times Last modified on Wednesday, 16 September 2020 16:29
Rate this item
(0 votes)