Food & Livestock
တရုတ်ဘက်မှ ငါးရှဉ့်၊ ကဏန်းနှင့် ရေထွက်ကုန်များဝယ်ယူမှုကို ရပ်ဆိုင်းထား၍ မြန်မာဘက်မှရောင်းချသူများ အခက်တွေ့
မြန်မာဘက်မှ တရုတ်နိုင်ငံသို့ ပို့ကုန်များဖြစ်သည့် ရေခဲငါး၊ ကဏန်း(အရှင်)၊ ငါးရှဉ့်(အရှင်)၊ ငါးဟောက်(အရှင်)၊ ငါးလင်ဗန်း(အရှင်)၊ ငါး၊ ပုစွန်နှင့် အခြား ရေထွက်ကုန်ပစ္စည်း အမျိုးမျိုးကို မူဆယ် (၁၀၅)မိုင်
ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တင်ပို့လျက်ရှိရာ အောက်တိုဘာ ၁၅ ရက်မှစတင်ကာ တရုတ်ဝယ်လက်များက ရေထွက်ကုန်များဝယ်ယူမှုကို ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းလိုက်သည့် အတွက် မြန်မာဘက်မှ ရေထွက်ကုန်ပစ္စည်း ဝယ်ယူရောင်းချနေသည့် ကုမ္ပဏီ များနှင့် ငါးရှဉ့်၊ ကဏန်း အဝယ်ဒိုင်များ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း ရေထွက် ကုန်ပစ္စည်း ရောင်းဝယ်သူများထံမှ သိရသည်။
ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း တိုင်းဒေသကြီးများနှင့် ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ် အင်းလေးဒေသတို့ အပါအဝင် မြန်မာနိုင်ငံ ဒေသ အသီးသီးမှ ထွက်ရှိလာသည့် ကဏန်း၊ ပုစွန်၊ ငါးရှဉ့် အပါအဝင် ရေထွက်ကုန် များကို မူဆယ်နယ်စပ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ၁၂၈၀၆၇ ဒသမ ၇၉၁ တန် (တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇၀ ဒသမ ၇၃၅ သန်း)ဖြစ်သည်။
ယခင် ဘဏ္ဍာရေးနှစ်က ၁၀၂၀၁၈ ဒသမ ၈၄၉ တန်(တန်ဖိုး အမေရိကန် ဒေါ်လာ ၁၂၈ ဒသမ ၄၂၉ သန်း) တင်ပို့နိုင်ခဲ့သဖြင့် ယခုဘဏ္ဍာနှစ်တွင် ၂၆၀၄၈ ဒသမ ၉၄၂ တန်(တန်ဖိုး အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၃၀၆ သန်း) ပိုမိုတင်ပို့ နိုင်ခဲ့ခြင်းဖြစ်သည်။
ကဏန်း(အရှင်)တင်ပို့မှုတွင် ၁၈၇၅ ဒသမ ၂၇၉ တန် (တန်ဖိုး ၅ ဒသမ ၉၆၆ သန်း) လျော့နည်းခဲ့ပြီး ငါးရှဉ့်(အရှင်) တင်ပို့မှုတွင် ၁၇၃၅ ဒသမ ၅၇၃ တန်(တန်ဖိုး ၆ ဒသမ ၉၂၉ သန်း) လျော့နည်းခဲ့သည်။ ငါးတင်ပို့မှုတွင် ၈၆၁၇ ဒသမ ၂၅၉ တန် (တန်ဖိုး ၂၄ ဒသမ ၇၉၁ သန်း)နှင့် ပုစွန်တင်ပို့မှုတွင်မူ ၉၁၉ ဒသမ ၆၈ တန် (တန်ဖိုး ၄ ဒသမ ၅၃၇ သန်း) ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ အခြား ရေထွက်ကုန်ပစ္စည်း တင်ပို့မှုတွင်လည်း ၂၀၀၅၉ ဒသမ ၉၄ တန် (တန်ဖိုး ၂၅ ဒသမ ၄၉၄ သန်း)အထိ သိသိသာသာ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ငါးတင်ပို့မှုတွင် ငါးတံခွန်၊ ငါးခေါင်းပွ(ရေငန်)၊ ငါးမုတ်ဖြူ၊ ငါးမုတ်မဲ၊ ငါးရွှေ၊ ငါးသင်းဖြူ၊ ငါးပုတ်သင်၊ ငါးဘဲဖြူ၊ ငါးသင်းဝါ၊ ငါးခွေးလျှာ၊ ငါးသလောက်၊ ငါးသလဲတိုး၊ ရွှေငါး (ငါးနီငယ်)၊ ငါးကွမ်းရှပ်နှင့် ငါးပူတင်း စသည့် ငါးမျိုးများကို တင်ပို့မှုများပြီး ရေငန်ပုစွန်တင်ပို့မှုတွင် Pink, White, Vannamei နှင့် Tigers စသည့် ရေငန်ပုစွန်များကို တင်ပို့လျက်ရှိကြောင်း၊ အခြား ရေထွက်ကုန်ပစ္စည်း အုပ်စုဝင် ငါးလေးခြောက်၊ ပုစွန်ဖွဲ၊ ကင်းမွန်(အေးခဲ)၊ ကင်းမွန်ခြောက်၊ ငါး ပေါင်မုန့်၊ ပြည်ကြီးငါး၊ ဂွေးပုစွန်ခြောက်နှင့် ငါးဆားနယ် စသည်တို့ကိုလည်း တင်ပို့မှုများပြားကြောင်း သိရသည်။
ယခင် ဘဏ္ဍာရေးနှစ် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများအတွင်း တရုတ်နိုင်ငံသို့ တင်ပို့မှုကျဆင်းခဲ့ကြောင်း၊ ငါး/ပုစွန် များပြားစွာတင်ပို့သောရာသီ မဟုတ်သည့် အပြင် ဩဂုတ်လအတွင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ တိုက်ပွဲများဖြစ်ပွားမှု ကြောင့် တင်ပို့မှု ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခု ဘဏ္ဍာရေးနှစ်မှာမူ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန် ဖြစ်သော်လည်း ကုန်စည်စီးဆင်းမှု ပုံမှန်ဖြစ်နေခြင်း၊
ပို့ကုန်ရပ်တန့်မှုမရှိခြင်း၊ နိုင်ငံတော်အနေဖြင့် ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင် ဝင်ငွေခွန် ကောက်ခံခြင်းကို ကင်းလွတ်ခွင့်ပြုထားသည့်ကာလ ဖြစ်ခြင်းတို့ ကြောင့် ပို့ကုန် တိုးတက်တင်ပို့နိုင်ခြင်းဖြစ်ကြောင်း၊ လောလောဆယ် တရုတ် နိုင်ငံသို့ ကဏန်း(အရှင်)နှင့် ငါးရှဉ့်(အရှင်) တင်ပို့မှုတွင် တန်ဖိုး အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၈၉၅ သန်း လျော့နည်းသော်လည်း အအေးခန်း ငါး/ပုစွန် နှင့် အခြားရေထွက်ကုန်ပစ္စည်းတို့တွင် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် စုစုပေါင်း တင်ပို့ မှုတွင် ပိုမိုတင်ပို့နိုင်ကြောင်း မူဆယ်(၁၀၅)မိုင် ငါးဦးစီးဌာန၏ စာရင်းဇယားများ အရ သိရသည်။
မူဆယ်(၁၀၅)မိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်သန်းက "တရုတ်အစိုးရက ပိတ်ထားတာမဟုတ်ပါဘူး။ တရုတ်နိုင်ငံထဲမှာရှိတဲ့ ရေထွက် ကုန်ပစ္စည်း ရောင်းဝယ်ရေးသမားတွေ၊ ကုန်သည်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာဘက်က ရေထွက်ကုန်လုပ်ငန်းရှင်တွေကို ကြိုတင်အသိပေးချိတ်ဆက်ပြီး ယာယီရပ်ဆိုင်းထားတာဖြစ်ပါတယ်။ အောက်တိုဘာ ၅ ရက် နောက်ပိုင်းမှာ တရုတ်ဘက်က ရေခဲငါးဝယ်ယူရောင်းချမှု ရပ်သွားပါတယ်၊
အလားတူ ကဏန်း နဲ့ ငါးရှဉ့်များကိုလည်း ၁၆ ရက်နောက်ပိုင်းမှာ အဝယ်ရပ်သွားခဲ့ပါတယ်၊ အခု လောလောဆယ် လာနေတာက ပို့ကုန်ကွင်းထဲမှာစစ်နေတဲ့ ငါးခြောက်၊ ငါးလေး ခြောက်၊ ငါးဆားနယ်၊ ပုစွန်ခြောက်၊ ပုစွန်ဖွဲတွေ ဖြစ်ပါတယ်။ ဒီကုန်ခြောက် ပစ္စည်းတွေကတော့ မန်ဝိန်းဂိတ်မှတစ်ဆင့် တရုတ်ထဲကို ဝင်ရောက်နေပါတယ်၊ ရေထွက်ကုန်ပစ္စည်းတွေ ပြန်လည်ဝယ်ယူမယ့်နေ့ကိုတော့ တရုတ် ရေထွက်ကုန် လုပ်ငန်းရှင်တွေက ပြန်လည်အကြောင်းကြားပေးမယ်လို့ ပြောထားပါတယ်။
လောလောဆယ်မှာတော့ တရုတ်ဘက်က ဝယ်ယူခြင်းမရှိသေးတဲ့အတွက် ရေထွက်ကုန်ပစ္စည်းတွေကို အောက်ပိုင်းမှာပဲ ပြန်လည်ရောင်းချနေကြတာ ဖြစ်ပါတယ်"ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်မှ ငါးရှဉ့်ဝယ်ယူရောင်းချသူ ကိုသိန်းထူးကလည်း "တရုတ်က မဝယ်တဲ့အတွက် အောက်ခြေမှာ ဝယ်ယူ စုဆောင်းပြီး ရတဲ့ဈေးနဲ့ ပြန်ရောင်းနေရတာပေါ့။ လောလောဆယ်တော့ အရောင်းအဝယ်က အရင်လို အဆင်မပြေဘူး၊ အခုဆိုရင် ဝယ်ထားတဲ့ ငါးရှဉ့် တွေက ဒိုင်တွေမှာ စုပြုံနေတယ်။ တချို့လည်း အရင်းပြုတ်ကုန်ကြတယ်။ ဝယ်တဲ့ကုန်သည်ရှိသလို မဝယ်တော့တဲ့ကုန်သည်တွေလည်း ရှိတယ်။
အများ အားဖြင့်တော့ အဝယ်ရပ် ထားကြတယ်။ မူဆယ်နယ်စပ် တရုတ်ဘက်က အဝယ်လိုက်ရင်တော့ အရောင်းအဝယ် ပုံမှန်ပြန်ဖြစ်မှာပေါ့။ အခု လောလောဆယ်တော့ ကုန်သည်အပါအဝင် အောက်ခြေမှာ လိုက်ဝယ်နေတဲ့ သူတွေကအစ အရှုံးပေါ်နေကြတယ်၊ ဈေးနှုန်းကတော့ ပုံမှန်မရှိဘူး။ တစ်ပိဿာ ကို ငွေကျပ် ၃၀၀ဝ၊ ၃၅၀၀ ရှိ တယ်။ ရောင်းဝယ်ဈေးတွေက တရုတ်ဈေးကွက် အပေါ်မှာပဲ အဓိကမူတည်ပါတယ်"ဟု ပြောသည်။
ငါးရှဉ့်၊ ကဏန်း အပါအဝင် အခြားရေထွက်ကုန်များကို တရုတ်ဘက်မှ အောက်တိုဘာ ၁၅ ရက်မှစ၍ ယာယီ အဝယ်ရပ်ထားသဖြင့် မြန်မာဘက်မှ ကုန်သည်များ အရှုံးပေါ်နေသလို သာမန် ငါးရှဉ့်၊ ကဏန်း ရှာဖွေရောင်းဝယ် စားသောက်ကြသူများအထိပါ အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေရကြောင်း၊
အလားတူ တရုတ်ဘက်မှ ဝယ်လက်များမှာလည်း ရေထွက်ကုန် အရောင်း အဝယ် မဖြစ်သည့်အတွက် အခက်အခဲအမျိုးမျိုးရှိနေကြောင်း၊ မြန်မာဘက်မှ ကုန်သည်များအနေဖြင့်လည်း တရုတ်ဘက်မှ ပြန်လည်ဝယ်ယူမည့်အချိန်ကို မျှော်လင့်စောင့်ဆိုင်းနေရကြောင်း သိရသည်။
သန့်ဇင်(မူဆယ်)



