Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


သီးနှံအာမခံလုပ်ငန်းအကောင်အထည်ဖော်ရန် ပြည်သူ့လွှတ်တော်အတည်ပြု

သီးနှံအာမခံလုပ်ငန်းအကောင်အထည်ဖော်ရန် ပြည်သူ့လွှတ်တော်အတည်ပြု google.com

သီးနှံအာမခံလုပ်ငန်းသည် တောင်သူများအတွက် အကျိုးဖြစ်ထွန်းမည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကထောက်ခံပြီး သီးနှံအာမခံလုပ်ငန်း အကောင်အထည်ဖော် လုပ်ဆောင်ရန် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

 

သဘာဝဘေးအန္တရာယ်များနှင့် အင်းဆက်ပိုးမွှားများကြောင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားများဆုံးရှုံးနစ်နာမှု မရှိစေရန် သီးနှံအာမခံလုပ်ငန်းများကို အကောင်အထည်ဖော်လုပ်ဆောင်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက ဇွန်လ ၁၂ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်သို့ အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

 

ယင်းအဆိုကို ပြည်သူ့လွှတ် တော်၌ လွှတ်တော်ကိုယ်စား လှယ် ရှစ်ဦးက ဆွေးနွေးပြီး ၀န်ကြီး ဌာနက ထောက်ခံဆွေးနွေးကာ လွှတ်တော်ကိုယ်စားလှယ်များက အတည်ပြုရန် သဘောတူခဲ့သည်။‘‘သီးနှံအာမခံလုပ်ငန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန က ဆောင်ရွက်နေပြီဖြစ်တာနဲ့ အ လျောက် ဒီလုပ်ငန်းဟာ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး၊ စိုက်ပျိုးသူတောင် သူလယ်သမားတွေရဲ့ သီးနှံစိုက် ပျိုးထုတ်လုပ်မှု၊ အသက်မွေးဝမ်း ကျောင်းပြု လုပ်ငန်းတွေအတွက် များစွာ အထောက်အကူဖြစ်ပါ တယ်’’ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးလှကျော်က ပြောကြားသည်။

 

မြန်မာနိုင်ငံတစ်ဝန်းတွင် ရာသီဥတု ပြောင်းလဲမှုများကြောင့် နှစ်စဉ်သီးနှံများပျက်စီးကာ တောင်သူလယ်သမားများသည် ဆုံးရှုံးမှုများစွာနှင့် ကြုံတွေ့နေကြရသဖြင့် သီးနှံအာမခံလုပ်ငန်းကို ဆောလျင်စွာလုပ်ဆောင် ရန်လိုအပ်ကြောင်း ဦးမျိုးဇော်ဦးက ပြောသည်။

 

‘‘တောင်သူတွေမှာ သီးနှံတစ်နှစ်ဆုံးရှုံးရင် သုံးနှစ်ပြန်လုပ်လို့တောင် အဆင်မပြေဘူးဆိုတဲ့ ဆို ရိုးစကားလည်းရှိပါတယ်။ အဲဒီလိုသဘာဝဘေးအန္တရာယ်တွေရဲ့ အောက်မှာ တောင်သူတွေဟာ နာလန်မထူနိုင်ဘဲ ဖြစ်နေကြရပါတယ်။ ဒါဟာ တိုင်းပြည်အတွက်လည်း ဆုံးရှုံးမှုများစွာကို ဖြစ်ပေါ် စေပါတယ်’’ဟု ၎င်းက ပြောကြားသည်။

 

အဆိုပါ သီးနှံအာမခံကြေးပေးခြင်းလုပ်ငန်းများကို တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယတို့တွင် အစိုးရနှင့် ပုဂ္ဂလိကတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေပြီး နိုင်ငံ၏ ဆင်းရဲမွဲတေမှုလျှော့ချခြင်းအတွက်လည်း ယင်းနည်းလမ်းက အောင်မြင်နေကြောင်း ဦးမျိုးဇော်ဦးက ဆက်လက်ပြောကြားသည်။

 

အဆိုပါနိုင်ငံများတွင် သီးနှံ အာမခံစနစ် စတင်လုပ်ကိုင်သော အခါ အစိုးရနှင့် ပုဂ္ဂလိကတို့ အကျိုးတူပူးပေါင်းဆောင်ရွက်ပြီး ပုဂ္ဂလိက အာမခံလုပ်ငန်းများ အားကောင်းလာသည့်အခါ ပုဂ္ဂလိကလုပ်ငန်းများသို့ လွှဲပြောင်းပေးလေ့ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ အာမခံကြေးကို နိုင်ငံအလိုက် သင့်တင့်သည့် ပမာဏဖြင့် ပေးဆောင်ရကြောင်း ရှင်းပြသည်။

 

ယင်းသီးနှံအာမခံကြေးပေးခြင်းလုပ်ငန်း လုပ်ဆောင်ရာတွင် လိုအပ်သည့် အချက်အလက်များကို စစ်တမ်းကောက်ယူခြင်း၊ နိုင်ငံတကာ၌ လုပ်ဆောင်နေသည့်စနစ်များကို နမူနာယူလေ့လာခြင်းများ လုပ်ဆောင်ပြီးမှ ပြုလုပ်သင့်ကြောင်း ယင်းအဆိုကို ထောက်ခံဆွေးနွေးသည့် နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်က အကြံပြုသည်။

 

ထို့အပြင် သီးနှံအာမခံလုပ်ငန်းကို သီးနှံအာမခံဆိုင်ရာဥပဒေ၊နည်းဥပဒေများ ပေါ်ထွက်ပြီး တောင်သူများကို ကျယ်ကျယ်ပြန့်ပြန့်အသိပေးကာ အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ထောက်ပြခဲ့သည်။

 

ယင်းအပြင် သီးနှံအာမခံ ကြေးလုပ်ငန်း လုပ်ဆောင်ပါက အာမခံကြေးငွေသည် တောင်သူများပေးနိုင်သည့် ပမာဏဖြစ်ရန် အရေးကြီးပြီး ယင်းပမာဏကို မည်သည့်အပေါ် အခြေခံမည်ကို စနစ်တကျ လေ့လာတွက်ချက်ကာလုပ်ဆောင်သင့်ကြောင်း ၎င်းကပြောသည်။

 

သီးနှံအာမခံလုပ်ငန်းသည် တောင်သူလယ်သမားများ အကျိုးရှိမည်ဖြစ်သဖြင့် လုပ်ငန်းအ ကောင်အထည်ဖော်ခြင်းအပေါ် ကြိုဆိုကြောင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးနေလင်းအောင်က ပြောသည်။

 

သီးနှံအာမခံလုပ်ငန်းလုပ်ဆောင်ရာတွင် အာမခံကြေးကို ဈေးနှုန်းအပေါ် အခြေခံတွက်ချက် ခြင်း၊ လယ်ယာမြေ တစ်ဧကအပေါ် အခြေခံတွက်ချက်ခြင်း စသည့်တွက်ချက်နည်းများရှိပြီး ယင်းမှ သင့်တော်မည့်အမျိုးအစားကို ရွေးချယ်ကာ စနစ်တကျလုပ် ဆောင်သင့်ကြောင်း ဦးနေလင်းအောင်က ပြောသည်။

 

၁၉၉၅ မှ ၂၀၁၄ အတွင်းရာသီဥတုကြောင့် ပျက်စီးဆုံးရှုံး မှုအများဆုံးနိုင်ငံများစာရင်းတွင်မြန်မာနိုင်ငံသည် အဆင့် (၂) နေရာရှိနေကြောင်း ဦးမျိုးဇော်ဦးကပြောသည်။

 

Source: 7 days new

Read times Last modified on Monday, 17 September 2018 14:30
Rate this item
(2 votes)