Fruits & Vegetables
ကြံရွက်ဖြူရောဂါကို ဘယ်လိုရှောင်ရှားကြမလဲ
အရှေ့တောင်အာရှနိုင်ငံများတွင် ဖိုင်တိုပလာစမာ သက်ရှိကြောင့် ဆုံးရှုံးမှု အများဆုံးသီးနှံများမှာ နှမ်းပြီးလျှင် ကြံဖြစ်သည်။
ထူးခြားသည့် လက္ခဏာမှာ ကြံရွက်များဖြူခြင်း ဖြစ်သည်။ ကြံရွက်ဖြူရောဂါကို ပျဉ်းမနားနှင့် လယ်ဝေးမြို့ ကြံခင်းများတွင် ၁၉၉၉ ခုနှစ်က စတင်တွေ့ရှိခဲ့ကြပြီး မြေကြီးတွင် အာဟာရဓာတ် ချို့တဲ့ခြင်းလို့ ယူဆခဲ့ကြသည်။
၂၀၁၁ ခုနှစ်က လယ်ဝေးမြို့ရှိ ကြံငါးဧကခန့် စိုက်ခင်းတွင် စိုက်ပျိုးထားသော နှစ်လခွဲသားခန့် ကြံပင်တွေရဲ့ အရွက်များမှာ ဖြူနေပြီး ၎င်းကြံရွက်ဖြူရောဂါဖြစ်ပွားခဲ့သည်။ ထူးခြားချက်မှာ ကြံမျိုး နှစ်မျိုးဖြစ်သော (ကျောက်စိမ်း CO795 နှင့် K 88/92)တို့ကို စိုက်ကျင်းတစ်နေရာတည်းတွင် နဘေထပ်ပုံစံစိုက်ထားရာ ကျောက်စိမ်းမျိုးသည်သာ ရွက်ဖြူလက္ခဏာများ ဖြစ်နေသည်။ ၎င်းကျောက်စိမ်းမျိုးသည် ထိုင်းနိုင်ငံမှ ဆင်းသက်လာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံနှင့် ကြံရွက်ဖြူရောဂါ
အလားတူ ညောင်ရွှေမြို့အနီးရှိ ကြံလမိုင်းခင်းနှင့် တောင်ငူမြို့ ပတ်ဝန်းကျင်ရှိ ကြံအပင်သစ်များတွင်လည်း ၎င်းရောဂါကို တွေ့ခဲ့ရသည်။ ၎င်း ရွက်ဖြူနမူနာများကို စုဆောင်း၍ မော်လီကျူလာ အခြေခံသည့်နည်းဖြင့် စစ်ဆေးသည့်အခါ ဖိုင်တိုပလာစမာ သက်ရှိကြောင့်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ထိုင်းနိုင်ငံမှ မှတ်တမ်းတင်ထားသော ကြံရွက်ဖြူ ဖိုင်တိုပလာစမာသက်ရှိနှင့် ရာနှုန်းပြည့် နီးပါးတူညီနေသည်။
ရွက်ဖြူလက္ခဏာသည် တခါတစ်ရံ အပင်သက်တမ်း ရင့်လာသည့်အခါ ပျောက်ကွယ်သွားတတ်ပြီး မြေဆီ အာဟာရကျွေးသည့် အခါတွင်လည်း ပြန်စိမ်းလာတတ်သည်။ ထို့ကြောင့် တောင်သူများအနေဖြင့် ရွက်ဖြူခြင်းသည် မြေဆီအာဟာရချို့တဲ့ခြင်းကြောင့်လို့ လက်ခံထားကြသည်။ သို့သော် အိမ်နီးချင်း နိုင်ငံတွေမှာ ရွက်ဖြူရောဂါသည် ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုများစွာရှိခဲ့ကြသော်လည်း ယခုအခါ အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ကြပြီဖြစ်သည်။
ကြံရွက်ဖြူသမိုင်းကြောင်း
အရှေ့တောင်အာရှ နိုင်ငံများတွင် ဖိုင်တိုပလာစမာသက်ရှိကြောင့်ဖြစ်သော ကြံရောဂါနှစ်မျိုးမှာ ရွက်ဖြူ(White Leaf) နှင့် မြက်ပင်ပုံ ပင်ပွားများခြင်း (Grassy shoot)တို့ ဖြစ်သည်။ ၁၉၅၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကြံရွက်ဖြူ ရောဂါကို ပထမဆုံး စတွေ့ရှိခဲ့ပြီး ၁၉၄၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ မြက်ပင်ပုံ ပင်ပွားများခြင်းရောဂါကို တွေ့ရှိကြောင်း အတည်ပြုခဲ့သည်။ သို့သော်လည်း ၁၉၁၉ ခုနှစ်ကတည်းက ၎င်းလက္ခဏာတွေကို တွေ့ခဲ့ဖူးကြသည်လို့ မှတ်တမ်းများရှိခဲ့သည်။
၁၉၅၈ ခုနှစ်တွင် ရွက်ဖြူရောဂါကို တရုတ်(တိုင်ပေ)တောင်ပိုင်း၊ ၁၉၈၆ ခုနှစ်တွင် ဂျပန်နှင့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အီရန်၊ ဆူဒန်၊ မလေးရှား၊ နီပေါ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ သြစတြေးလျ၊ လာအို၊ မြန်မာ အစရှိသည် တို့တွင် တွေ့ရှိခဲ့ကြသည်။၁၉၆၂ ခုနှစ်တွင် ပညာရှင် Liang K.C. က ကြံရွက်ဖြူရောဂါဟု အမည်ပေး ခဲ့ပြီး ဖြုတ်ပိုး (Matsumuratettis hiroglyphicus)ကြောင့် ကူးစက်နိုင်သော မိုက်ကိုပလာစမာသက်ရှိ(Mycoplasma)ဟု အမျိုးအစားခွဲခြားခဲ့သည်။
၁၉၆၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ရွက်ဖြူရောဂါကို ဆိုးရွားသောရောဂါအဖြစ် သတ်မှတ် ခဲ့ကြသည်။ ၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၌ မြက်ပင်ပုံ ပင်ပွားများခြင်းရောဂါကို စတင်တွေ့ရှိခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ပျက်စီး ဆုံးရှုံးမှုသည် ပင်မစိုက်ခင်း၌ ၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိနှင့် လမိုင်းခင်း၌ ၁၀၀ ရာခိုင်နှုန်းအထိ ရှိကြောင်း တွေ့ရသည်။
ယခုအခါ ရွက်ဖြူရောဂါသည် အရှေ့တောင်အာရှ နိုင်ငံများတွင် ပျံ့နှံ့လျက်ရှိပြီး ကြံစိုက်တောင်သူနှင့် ကြံဆက်စပ် ထုတ်လုပ်သည့် လုပ်ငန်းများကို ဆိုးရွားစွာထိခိုက်စေသောရောဂါတစ်ခု ဖြစ်လာလျက်ရှိသည်။
ရောဂါပင်ပြလက္ခဏာများ
ရောဂါလက္ခဏာကို အပင်ပေါက်သည်မှ ကြံရိုးရင့်သည်အထိ ကြီးထွားမှုအဆင့်တိုင်းတွင် တွေ့ရသည်။ အဓိက လက္ခဏာသည် အဖြူရောင်အရွက်များဖြစ်ပြီး ဖိုင်တိုပလာစမာသက်ရှိ ကြောင့် အရွက်ဆဲလ်များရှိ အစာချက်သည့် စနစ်တွင် ပါဝင်သည့် အစိမ်းရောင်ခလိုရိုဖီးလ်(chlorophyll) ဖျက်စီးခံရသဖြင့် အစိမ်းရောင်ပြယ်၍ အရွက်များ၏အရောင်လည်း အဖြူရောင်ပြောင်းလဲသွားခြင်း ဖြစ်သည်။
အစောပိုင်းလက္ခဏာအနေဖြင့် အရွက်နုများ၏ ရွက်ပြားတစ်လျှောက် ရွက်ကြောနှင့်အပြိုင် အဖြူရောင်အစင်း ကြောင်းများ(leaf streak) သို့မဟုတ် အကွက်များ(Leaf chlorosis) ဖြစ်ပေါ်လာပြီး နောက်ပိုင်းတွင် အဖြူရောင် ပြောင်းသွားသည်။ ယေဘုယျအားဖြင့် အရွက်နုများတွင် စတင်ပြီးနောက် ကြံရုံအတွင်းပိုင်း၌ ရွက်ဖြူများ တဖြည်းဖြည်းများလာပြီး အရွက်ရင့်များသာ အစိမ်းရောင်အဖြစ် ကျန်နေသည်။ အခြားလက္ခဏာများမှာ ပုံမမှန် ပင်ပွားများထွက်ခြင်း၊ ကြံဆစ်များတွင် အတက်များထွက်ခြင်း၊ ရွက်ပြားသေးငယ်ခြင်း၊ ပင်ပွားများ အလွန်အမင်း ထွက်ခြင်းကြောင့် ချုံပုတ်သဏ္ဌာန်ဖြစ်လာခြင်းတို့ ဖြစ်သည်။
အပင်ငယ်စဉ် ရောဂါဖြစ်လျှင် မြက်ပင်ကဲ့သို့ အပင်ပုနေခြင်း၊ အရွက်ဝါခြင်း သို့မဟုတ် ဖြူခြင်းဖြင့် အပင်သေနိုင်သည်။ တစ်ခါတရံ အခြေအနေအပေါ် မူတည်၍ ရွက်ဖြူလက္ခဏာသည် ပြန်ပြီး စိမ်းနိုင်သည်။ ရောဂါဆိုးရွားလျှင် ကြံဆစ်များမှ သေးငယ်သောရွက်ဖြူများထွက်ပြီး ချုံပုတ်ပုံသဏ္ဌာန် ဖြစ်နေ မည်။
ထို့နောက် အပင်ခြောက်လာပြီး တဖြည်းဖြည်း သေသွားမည်။ ရောဂါဆိုးရွားလာသည့်အခါ ကြံရုံသည် အပင်ကြီးထွားမှု သိသာစွာ ရပ်တန့်သွားပြီး အပင်ပုသွားခြင်းကြောင့် အထွက်နှုန်းကို ဆိုးဆိုးရွားရွား ထိခိုက်စေသည်။ အကျိုးဆက်အနေဖြင့် လမိုင်းခင်းသည်လည်း အပင်မကောင်း နိုင်ဘဲ အထွက်နှုန်း ဆုံးရှုံးစေသည်။ ခံနိုင်ရည်နည်းသည့်မျိုးများတွင် ဆုံးရှုံးမှုများစွာ တွေ့ရသည်။
ရောဂါပျံ့နှံ့ခြင်း
အရှေ့တောင်အာရှနိုင်ငံများတွင် ဤရောဂါသည် တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ရောဂါရှိ ကြံမျိုးပိုင်းများမှတစ်ဆင့် လျင်မြန်စွာ ပျံ့နှံ့လျက်ရှိသည်။ ထိုင်း နိုင်ငံ၏ သုတေသနပြု လေ့လာထားချက်များအရ ဖြုတ်ပိုးနှစ်မျိုးဖြစ်သော Matsumuratettis hiroglyphicus နှင့် Yamatotettix flavovittatus တို့သည် ဤရောဂါကို သယ်ယူကူးစက်စေ နိုင်သည်။ Matsumuratettis hiroglyphicus ဖြုတ်ပိုးသည် သားဆက်နှစ်ဆက်အထိ ဥ(egg)၊ ပိုးမမည်(Nymph)နှင့် သက်ကြီး (adult)စသည့် အဆင့်တိုင်းတွင် ဖိုင်တိုပလာစမာသက်ရှိကို လက်ဆင့်ကမ်း သယ်ဆောင်ပေးနိုင်ပြီး ဤရောဂါကို အဓိက လက်ခံသယ်ဆောင်သူ ဖြစ်သည်။ ကိုင်းကူးကိုင်းဆက်လုပ်ခြင်းသည်လည်း ရောဂါကူးစက် နိုင်သည်။
ရောဂါကျအပင်ရည်ဖြင့် ဒဏ်ရာမှတစ်ဆင့် ကူးစက်နိုင်ခြင်း မရှိပေ။ မြက်ရိုင်းပင်(Saccharum spontaneum)သည် ကြံရွက်ဖြူ ဖိုင်တိုပလာစမာ သက်ရှိကို လက်ခံထားနိုင်သည်။ ဖြုတ်ပိုးသည် ဖိုင်တိုပလာစမာသက်ရှိကို ရောဂါကျအပင်မှ ရယူရန် အနည်းဆုံး သုံးနာရီ စုပ်ယူစားသုံးရန် လိုအပ်ပြီး ကျန်းမာသည့်အပင်တွင် ရောဂါကူးစက်စေရန် မိနစ် ၃၀ စားသုံးရန် လိုအပ်သည်။ ဖြုတ်ပိုးခန္ဓာအတွင်း ရောဂါအောင်းသည့်ကာလမှာ ရက်သတ္တပတ် (၄−၅)ပတ်အထိရှိပြီး ကြံပင် အတွင်းတွင် (၂−၄)ပတ် ဖြစ်သည်။ ဖြုတ်ပိုး၏ ဘဝသက်တမ်းမှာ အပူချိန် ၁၄ ဒီဂရီစင်တီဂရိတ်တွင် ၉၂ ရက် နှင့် ၃၅ ဒီဂရီ စင်တီဂရိတ်တွင် ရက် ၃၀ ခန့် ဖြစ်သည်။
ကာကွယ်နည်းလမ်းများ
ရောဂါလက္ခဏာများနှင့် ဆိုးရွားမှုသည် မြေအာဟာရ၊ အပူချိန်၊ ကြံမျိုး ပိုင်းအရည်အသွေး၊ စိုက်ပျိုးနည်းစနစ်နှင့် ကြံပင် အစာကြောစည်းရှိ ဖိုင်တိုပလာစမာသက်ရှိ၏ ပမာဏတို့အပေါ် မူတည်သည်။
၁။ ရောဂါကင်းသည့်ကြံမျိုး စိုက်ပျိုးခြင်းသည် ထိရောက်သည့် နည်းလမ်း ဖြစ်သည်။ ရောဂါကင်းသည့် အပင်များကို တစ်ရှူးမျိုးပွားနည်းဖြင့် ပွားများထုတ်လုပ်ကြသည်။ ထိုင်းနှင့် တရုတ် အစရှိသည့် နိုင်ငံများတွင် စိုက်ပျိုးမည့်မျိုးပိုင်း များကို ရွက်ဖြူစစ်ဆေးသည့်ကိရိယာ သို့မဟုတ် အဆင့်မြင့်စက်များ အသုံးပြု၍ ရွက်ဖြူဖိုင်တိုပလာစမာသက်ရှိ၏ ဗီဇ (DNA) ရှိ/မရှိ စစ်ဆေးပြီး စိုက်ပျိုးကြသည်။
၂။ ကြံမျိုးပိုင်းများကို ရေပူစိမ်ပြီး စိုက်ပျိုးနိုင်သည်။ ရေအပူချိန် ၅၀ ဒီဂရီ စင်တီဂရိတ်တွင် (၂−၄)နာရီ သို့မဟုတ် ၅၃ ဒီဂရီစင်တီဂရိတ်တွင် တစ်နာရီ စိမ်၍ စိုက်ပျိုးကြသည်။ ရေအပူချိန်နှင့် စိမ်သည့်အချိန်သည် ကြံမျိုးများ အပေါ် မူတည်၍ ကွာခြားမှုရှိသည်။
၃။ ကြံမျိုးပိုင်းများကို ပဋိဇီဝဆေး− တက်ထရာဆိုင်ကလင်းဆေးဖျော်ရည် (Tetracycline)တွင်စိမ်၍ စိုက်ပျိုးနိုင်သည်။ သို့သော် ဤနည်းလမ်းသည် သုံးလခန့် ရောဂါကြာသော် ရောဂါပြန်လည်ပေါ်လာခြင်းကို တွေ့ရှိထားသည်။
၄။ ရောဂါကျအပင်များအား ဖယ်ရှားခြင်းသည် ရောဂါ ပြန်လည်ကူးစက်ခြင်းမှ ကာကွယ်တားဆီးနိုင်သည်။ ထို့အပြင် ရောဂါလက်ခံထားနိုင်သည့် မြက်ရိုင်းများကိုလည်း စိုက်ကွင်းပတ်ဝန်းကျင်တွင်မရှိအောင် ရှင်းလင်း ထားရန်လိုအပ်သည်။
၅။ သီးလှည့်စိုက်ပျိုးခြင်း၊ စိုက်ချိန်ပြောင်းလဲခြင်းနှင့် ခံနိုင်ရည်ရှိမျိုးများ စိုက်ပျိုးခြင်း အစရှိသည့် နည်းလမ်းများဖြင့် ကြံရွက်ဖြူရောဂါ မပြန့်ပွားစေရန် တားဆီးနိုင်သည်။ တရုတ်(တိုင်ပေ)တွင် မစိုက်ခင် စိုက်ကွင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ရောဂါကင်းသည့် မျိုးပိုင်းများကို ပုံမှန်စိုက်ပျိုးချိန် (ဆောင်းရာသီ)အစား နွေဦးတွင် စိုက်ပျိုးခဲ့ခြင်းဖြင့် ကြံရွက်ဖြူရောဂါကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ သည်။ ထိုင်းနိုင်ငံတွင်လည်း သစ်စိမ်းမြေသြဇာပြုလုပ်သည့် သီးနှံများနှင့် သီးလှည့် စိုက်ပျိုးခြင်းဖြင့် ရွက်ဖြူရောဂါကို ထိရောက်စွာ နှိမ်နင်းနိုင်ခဲ့သည်။
ယခုအခါ မြန်မာနိုင်ငံတွင် ကြံရွက်ဖြူရောဂါကို ကြံစိုက်ပျိုးသည့်နေရာများတွင် မကြာခဏ တွေ့မြင်နေကြရပြီ ဖြစ်သဖြင့် ရောဂါမကျရောက်သေးသည့် နေရာများသို့ ဤရောဂါ မပြန့်ပွားစေရန် ရောဂါကင်းသည့် ကြံမျိုးပိုင်းကို (သေချာ) ရွေးချယ်စိုက်ပျိုးခြင်းဖြင့် ကြံစိုက်ပျိုးသူ တောင်သူများအား ရွက်ဖြူရောဂါကြောင့် ထိခိုက်ဆုံးရှုံးမှုများမှ ကြိုတင်ရှောင်ရှားနိုင်စေရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
By Wyk (Myanmar Food Guide)
ဒေါက်တာနန်းကြူ(ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်)