Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ကပ်ရောဂါအကျပ်အတည်းကြား မြန်မာ့စိုက်ပျိုးရေးပို့ကုန်တွေအတွက် ဈေးကွက်သစ်တွေ့

မြန်မာ့စိုက်ပျိုးရေး ထွက်ကုန်တွေကို ကမ္ဘာ့တခြားနိုင်ငံတွေအထိ တင်ပို့နိုင်ဖို့ မြန်မာနိုင်ငံက စတင်ခြေလှမ်းနေတာမှာ အောင်မြင်မှုတွေရနေပါတယ်။

ပြည်တွင်းက တောင်သူတွေ၊ ပို့ကုန်လုပ်ငန်းရှင်တွေဟာ ကိုဗစ်အကျပ်အတည်းကြောင့် ဖြစ်လာတဲ့ နယ်စပ်ကုန်သွယ်ရေး အထူးသဖြင့် မြန်မာ- တရုတ် ကုန်သွယ်ရေး ရပ်တန့်နေတာကို ဖြေရှင်းဖို့ကြိုးစားရင်း ပို့ကုန် ဈေးကွက်သစ်တွေ ရလာနေပါပြီ။

အကန့်အသတ်များတဲ့ တရုတ်နယ်စပ် ကုန်သွယ်ရေးကို စိတ်ပျက်နေတဲ့ မြန်မာ ကုန်သည်တွေဟာ အရှေ့အလယ်ပိုင်း၊ ဥရောပနဲ့ ယူကေဈေးကွက်တွေကို ရှာဖွေရင်း အခုဆိုရင် ဒီနိုင်ငံတွေက မြန်မာသီးနှံတွေကို ဝယ်ယူဖို့ စတင်ကမ်းလှမ်းလာတာပါ။ ပြီးခဲ့တဲ့လက ပြည်တွင်း ထောပတ်သီးတွေ အင်္ဂလန်နိုင်ငံကို ပထမဦးဆုံး စမ်းသပ်တင်ပို့လိုက်ပြီးနောက်ပိုင်း မြန်မာစိုက်ပျိုးရေး ထွက်ကုန်တွေကို ဝယ်ယူဖို့ နိုင်ငံတချို့က ကမ်းလှမ်းတာ၊ မေးမြန်းတာတွေ ရှိခဲ့ပါတယ်။

ဒီအခြေအနေကို မြန်မာနိုင်ငံ သစ်သီဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အထွေထွေ အတွင်းရေးမှူး ဒေါ်စန္ဒာမျိုးက ဗွီအိုအေကို ပြောပါတယ်။

“အခုလက်ရှိ အင်္ဂလန်ကို ပို့လိုက်တာက သစ်သီးလို ကုန်စိမ်းတောင်မှ ကျနော်တို့ အပြည်ပြည်ဆိုင်ရာ ဈေးကွက် အကြီးကြီးထိ သွားလို့ရတယ်ဆိုတာ အရမ်းပေါက်သွားတော့ အရမ်းတွေ စိုက်ကြတယ်။ ရတဲ့ဈေးကွက် မပျောက်အောင် ဆက်လုပ်ဖို့ လိုတာပေါ့နော်။ သူတို့တွေ အစက နားလည်တာက EU ( ဥရောပသမဂ္ဂ) တို့ ဘာတို့ဆို certificate တွေ အများကြီးနဲ့ တရုတ်ထက် ခက်မှာပဲလို့ ထင်ရတယ်။ အမှန်တော့ ပို့ရတာ အရမ်းလွယ်တယ်၊ အခွင့်အလမ်း အများကြီးရှိတယ်၊ ထောပတ်သီးနဲ့ တရက်တရက် ဖုန်းဖြေရတာ မနည်းဘူး၊ နိုင်ငံတကာကနေ What’sUp တို့ ဘာတို့နဲ့ မေးနေတာ။ ငရုပ်ပွရှိလား၊ သရက်သီးဆို ဘာတွေရှိတာလဲ၊ နင်တို့ ထောပတ်သီးတောင်ရမှတော့ တခြားအသီးတွေလည်း ရမှာပေါ့ဆိုပြီးတော့ နယ်သာလန်၊ ဥပမာ ပိုလန်ဆိုရင် သံပုရာသီး အဲလိုမေးလာတယ်။ အီတလီဆိုရင် ဒီမှာ ဘာလာရင်းနှီးမြှုပ်နှံရမလဲ၊ စင်္ကာပူဆိုရင် သူက အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေး Logistics ကို ပူးပေါင်းရအောင်ဆိုပြီးတော့ ကမ်းလှမ်းတယ်၊ တောက်လျှောက်ပဲ။”

ဒီဇင်ဘာ ၁၃ ရက်က မြန်မာ့ဖရဲသီးတွေတင်ထားတဲ့ ကုန်သင်္ဘောဟာ အာရပ်စော်ဘွားများပြည်ထောင်စု UAE ကို ပထမဆုံးအကြိမ် စတင်ထွက်ခွာ ခဲ့ပါတယ်။ အဲဒီအခြေအနေမှာ တရုတ်နိုင်ငံကလည်း မြန်မာ့ဖရဲသီးကို နှစ် ၁၀၀ အတွင်း မပေးဖူးတဲ့ ဈေးနဲ့ဝယ်ယူနေတာပါ။ စိုက်ပျိုးရေးထွက်ကုန်တွေ ဈေးရဖို့ဆိုရင် ရောင်းလိုအား၊ ဝယ်လိုအား ချင့်ချိန်ပြီး စိုက်ဖို့နဲ့ ဈေးကွက်များများ ဖြန့်ကြက်ထားနိုင်ဖို့ မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုး၊ တင်ပို့၊ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောပါတယ်။

“မနှစ်ကတုန်းကဆိုရင် တရုတ်ကြီးဆီသွားတာ အဲဒီပစ္စည်းသွားပို့တဲ့ ကားခပါ စိုက်ရတဲ့ဘဝရောက်တာ မနှစ်က။ သူတို့က ကောင်းပြီဆိုရင် ဘယ်သူမှ လိုက်မမီအောင် ပေးထားတဲ့ဈေးက ဟိုးမိုးရောက်နေရော။ မကောင်းပြီဆိုရင်လည်း မြေကြီးအောက်တောင်ရောက်တယ် အဝီစိရောက်အောင်ချတယ်။ အဲဒီတော့ တနိုင်ငံတည်းထက်စာရင် နိုင်ငံများများ ဈေးကွက်ရှာနိုင်ရင် ပိုကောင်းတာပေါ့။”

ချင်းစိမ်း (ဂျင်း) နမူနာကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ယူကေ (UK) နိုင်ငံတွေကို နမူနာတင်ပို့လိုက်ပါတယ်။ စင်္ကာပူနိုင်ငံကလည်း ပြည်တွင်းကဖရဲသီးကို ဝယ်ယူဖို့ ကမ်းလှမ်းနေတာလည်း ရှိပါတယ်။ နာနတ်သီးနဲ့ ထောပတ်သီးကို တရုတ်ပြည်ပို့ဖို့ ၂၀၁၇ ကတည်းက ကမ်းလှမ်းခဲ့ပေမဲ့ ဒီနေ့အထိ မရသေးကြောင်း ကုန်သည်တွေက ပြောပါတယ်။ ဒါကြောင့်လည်း ဈေးကွက်သစ်တွေရှာရင်း ဒီနိုင်ငံတွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းရင်းနဲ့ ကုန်စည်ဖြန့်ချိရေးလမ်းကြောင်း (supply chain) တခုလုံး အပြောင်းအလဲဖြစ်ခဲ့ကြောင်း ဒေါ်စန္ဒာမျိုးက ပြောပါတယ်။

စိုက်ပျိုးရေး ထွက်ကုန်တွေ အဆက်မပြတ် ပို့နိုင်ဖို့ဆိုရင် ကုန်အမှာအတွက် အမြဲအဆင်သင့် ဖြစ်နေဖို့နဲ့ နိုင်ငံတကာ စံချိန်မီ ထုတ်ပိုးစက်ရုံတွေ၊ သယ်ယူရေးစနစ်တွေ လိုသလို အစိုးရဘက်ကလည်း ပူးပေါင်းပါဝင်ဖို့လည်း သူက အကြံပြုတာပါ။

“ကိုဗစ်ကြောင့် ရလာတဲ့ supply chain အသစ်ပေါ့။ ကိုဗစ်သာ မဖြစ်သေးရင်တော့ တရုတ်ကိုပဲ နည်းနည်း လွယ်လွယ်ကူကူ မျှောလိုက်နေဦးမှာပေါ့။ အသက်ရှင်ရေးဆိုတော့ ဒီနှစ်က အရမ်းရုန်းဖြစ်သွားတဲ့ သဘောပဲ။ အခုကျမတို့က supply chain အသစ်တခုထဲကို ခပ်တည်တည်နဲ့ တိုးဝင်သွားပြီဆိုတော့ ဆက်လုပ်ဖို့ လိုတာပေါ့နော်၊ မဟုတ်ရင် ကျမတို့ Germany ကို လွန်ခဲ့တဲ့ ၂၀၁၈ က သရက်သီး စိန်တလုံး ပို့လိုက်တဲ့အခါမှာ သူက အရမ်းကြိုက်တာပဲ၊ မြူးနစ်မြို့ကိုပို့တာ။ အောင်မြင်ပြီဆိုတော့ ကျမတို့က ဒီဘက်မှာ ဆက်လက်ပြီး မပို့နိုင်ဘူး။ မပို့နိုင်တော့ ဒီဘက်မှာ တိုးထားတာ ပြန်ပျောက်သွားတယ်။ အစိုးရကလည်း သစ်သီးဝလံတွေ ဟင်းသီးဟင်းရွက်တွေ အပြည်ပြည်ဆိုင်ရာ ဈေးကွက်ကို ရှာတယ်ဆိုရင် အဲဒါလေးကို သူတို့ အနောက်က လိုက်ပံ့ပိုးပေးဖို့ လိုတာပေါ့။”

အစိုးရကိန်းဂဏန်းတွေအတိုင်းဆိုရင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) ၂၀၁၀ ကနေ ၂၀၁၇ ခုနှစ်အထိ နှစ်တိုင်း ၈ ရာခိုင်နှုန်း တိုးတက်နေတာပါ။ ဒီထဲမှာ စိုက်ပျိုးရေးဆိုင်ရာ GDP က ၃.၂ ရာခိုင်နှုန်းရှိပါတယ်။ ဒါပေမဲ့ မျှော်လင့်မထားတဲ့ ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၁၉-၂၀၂၀ မှာ မြန်မာ့စီးပွားရေးတိုးတက်နှုန်းဟာ ၁.၇ ရာခိုင်နှုန်းအထိ ကျသွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

လတ်တလော ကပ်ရောဂါကူးစက်နှုန်း ဆက်ပြီးရှိနေပေမဲ့လည်း မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကဏ္ဍမှာ အထိသိပ်မနာဘဲ ပြည်ပပို့ကုန်အားလုံးရဲ့ ၂၂ ရာခိုင်နှုန်း ရှိပါတယ်။ ဒီထဲမှာ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်က အဓိက ပို့ကုန်တွေပါ။ ဒါပေမဲ့လည်း ဒီကဏ္ဍတခုလုံး ကပ်ရောဂါ ရိုက်ခတ်မှုကို ခံနေရပြီး ကုန်သွယ်ရေး အတားအဆီးတွေ အထူးသဖြင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေမှာ တင်းကျပ်မှုတွေရှိနေဆဲ ဖြစ်ပါတယ်။

လက်ရှိတော့ တရုတ်ဟာ မြန်မာနိုင်ငံအတွက် အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာအစိုးရ စာရင်းအရဆိုရင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော် ( ၁၂၁၂၆.၂၇၈) ရှိပြီး ထိုင်းနိုင်ငံက ဒုတိယ အများဆုံးနဲ့ အမေရိကန်ဒေါ်လာ သန်း ၅,၀၀၀ ကျော် (၅၁၀၉. ၄၇၄) ရှိပါတယ်။

ဒီဇင်ဘာလ ၁၆ ရက် မနေ့ကလုပ်ခဲ့တဲ့ ကမ္ဘာ့ဘဏ် ( မြန်မာ) တာဝန်ရှိသူတွေနဲ့ အစိုးရတာဝန်ရှိသူတွေ၊ စီးပွားရေးပညာရှင်တွေရဲ့ မြန်မာ့စီးပွားရေး သုံးသပ်ချက် အွန်လိုင်းဆွေးနွေးပွဲမှာလည်း စိုက်ပျိုးရေးလုပ်ငန်းကို ထည့်သွင်းဆွေးနွေးခဲ့ပြီး ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ ဒီဈေးကွက်တခုလုံး ပြန်ပြီး ထူထောင်နိုင်ဖို့ အကြံပြုခဲ့တာလည်း ရှိပါတယ်။

 

 

Read times Last modified on Saturday, 19 December 2020 11:10
Rate this item
(0 votes)