Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲစင်းငုံစိုက်တောင်သူများ အရှုံးပေါ်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်ရှိ ပဲစင်းစိုက်တောင်သူများ ယခုနှစ်တွင် ရာသီဥတု မကောင်း၍

ပဲစင်းငုံအထွက်နှုန်းကျဆင်းကာ အရှုံးပေါ်နေကြောင်း မိတ်ကုန်းကျေးရွာရှိ ပဲစင်းငုံစိုက် တောင်သူများထံမှ သိရသည်။

ပဲစင်းငုံစိုက်ပျိုးရာတွင် ထယ်ရေးပြုပြင်ခြင်း မြေဆီမြေသြဇာထည့်ခြင်း သဘာဝမြေသြဇာအဖြစ် နွားချေးချခြင်းများဆောင်ရွက်ရပြီး ပေါင်းသင်၊ ပေါင်းရှင်းခြင်းများပါ ဆောင်ရွက်ရကြောင်း သိရသည်။

ပဲစင်စင်းငုံ တစ်ဧကလျှင် ငွေကျပ် ၂ သိန်းခွဲကျော် ရင်းနှီးရကာ ယခင်နှစ် မိုးလေဝသကောင်းစဉ်က ပဲစင်းငုံ တစ်ဧကလျှင် ပဲ ၁၀ တင်းခန့်ထွက်သော်လည်း ယခုနှစ်တွင် မိုးလေဝသမကောင်း၍ ပဲစင်းငုံ တစ်ဧကလျှင် ပဲ ၃ တင်း၊ ၄ တင်းခန့်သာထွက်ပြီး ပဲစင်းငုံစျေးမှာလည်း တစ်တင်းလျှင် ငွေကျပ် ၂၂၀၀၀ ခန့်သာ ရရှိ၍ တွက်ခြေမကိုက်ဖြစ်ကာ အရှုံးပေါ်နေကြောင်း မလှိုင်မြို့နယ် မိတ်ကုန်းကျေးရွာမှ ပဲစင်းငုံစိုက်တောင်သူ ကိုမျိုးက ပြောသည်။

ပဲစင်းငုံစိုက်ပျိုးရာတွင် ကဆုန်လ နယုန်လများတွင် စတင်စိုက်ပျိုးလေ့ရှိပြီး နတ်တော်လနှင့် ပြာသိုလများတွင် ရိတ်သိမ်းကြကာ စိုက်ပျိုးချိန် ၆ လ ၇ လ ကြာစိုက်ပျိုးရသည့် လရှည်သီးနှံဖြစ်ပြီး မိုးလေဝသ မကောင်းခြင်း အပြင် စျေးကွက်မကောင်းခြင်းကလည်း ပဲစင်းငုံစိုက် တောင်သူများအတွက် များစွာ အခက်အခဲဖြစ်ကြောင်း ပဲစင်းစိုက်တောင်သူများထံမှ သိရသည်။

“ပဲစင်းငုံမပေါ်ခင်က တစ်တင်းကို ငွေကျပ် ၃ သောင်းလောက် ဈေးပေါက်တယ်လို့ ကြားနေရပေမယ့် တကယ် သီးနှံထွက်တော့ ငွေကျပ် ၂၂၀၀၀ ပဲရပါတယ်။ စျေးကွက်တည်ငြိမ်ဖို့က အဓိက လိုအပ်ပါတယ်။ စျေးကွက် မတည်ငြိမ်တော့ တောင်သူက အရှုံးပေါ်တယ်။ တောင်သူက အရှုံးပေါ်တော့ မစိုက်နိုင်။ တောင်သူ မစိုက်တော့ အလုပ်သမားက အလုပ်မရှိ။ အလုပ်မရှိတော့ အလုပ်ရှိတဲ့နေရာ ထွက်အလုပ်လုပ်ကြ။ လုပ်အားစုတွေပါ ဆုံးပါတယ်။ ကျွန်တော်တို့အနေနဲ့ ပဲစင်းငုံတစ်တင်းကို ငွေကျပ် ၃ သောင်း၊ ၄ သောင်း အစရှိသဖြင့် သတ်မှတ်ထားတဲ့ တည်ငြိမ်တဲ့ စျေးကွက်ရှိမယ်ဆိုရင် စိုက်ပျိုးရတာ အားရှိပြီး မိုးလေဝသမကောင်းရင်တောင် မီအောင် စိုက်ပျိုးနိုင်ပါတယ်။ ကျွန်တော်တို့က တည်ငြိမ်တဲ့ စျေးကွက် တစ်ခုရဖို့ မျှော်လင့်ပါတယ်”ဟု ပဲစင်းငုံစိုက်တောင်သူ ကိုမျိုးက ပြောပြသည်။

မလှိုင်မြို့နယ် မိတ်ကုန်းကျေးရွာရှိ ဒေသခံများမှာ မြေပဲ၊ ပဲစင်းငုံ အစရှိသည့် သီးနှံများကို စိုက်ပျိုးကြသည့် စိုက်စိုက်ရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည့် တောင်သူများဖြစ်ပြီး အဆိုပါ တောင်သူများမှ တည်ငြိမ်သည့် သတ်မှတ်စျေးကွက်တစ်ခုရရှိရန် မျှော်လင့်လျက်ရှိသည်။

MDN

Annotation_2021-01-15_102152.jpg

Annotation_2021-01-15_102131.jpg

Read times
Rate this item
(0 votes)