Fruits & Vegetables
နာမည်ကြီး ဈေကြီး ဆူးနက် ဒူရင်းသီး
ဆူးနက် ဒူရင်းသီး Black Thorn Durians ကို အကြောင်းမသိသူတို့က အခွံမည်းမည်း ဒူရင်းသီးဟု အထင်မှားပြီး
လူမှုကွန်ရက်တွင် ပုံနှင့်တကွ တင်ပြကြသည်များ ရှိသည်။
အကယ်စင်စစ် အခွံအရောင်သည် အစိမ်းရောင်သာ ဖြစ်သည်။
ဆူးနက် ဒူရင်းသီးကို မလေးရှားနိုင်ငံ ပီနန်ကျွန်းမှာ စိုက်ပျိုးထွက်ရှိပြီး မလေးရှားတွင် ဈေးအမြင့်ဆုံး ဒူရင်းသီး ဖြစ်သည်။ တစ်ကစ်လို ၈၀ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၁၉) အထိ ဈေးပေါက်သည်။ တစ်ခါတစ်ရံ ထို့ထက်ပင် ဈေးပိုမြင့်နေတတ်သည်။
မလေးရှားနိုင်ငံတွင် ဆူးနက်ဒူရင်းသီးကို Duri Hitam ဟုလည်းကောင်း၊ Chee ဟုလည်းကောင်း၊ Heici ဟုလည်းကောင်း ခေါ်ဝေါ်ကြသည်။ ဈေးကွက်တင်ရောင်းသည်မှာ ၂၀၁၀ ခုနှစ်တွင် စတင်ခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် လူသိများလာခဲ့သည်။
ဆူးနက်ဒူရင်း မူလမိခင်အပင်သည် ပီနန်ကျွန်းတွင် စိုက်ပျိုးခဲ့သည့်အပင် ဖြစ်သည်။ ပိုင်ရှင်အမည်မှာ Bagi Kau ဖြစ်ပြီး သူက မျိုးပွားရန် ငြင်းဆန်ခဲ့သည်။ လူမသိသူမသိဖြင့် နှစ်အတန်ကြာ ရှိခဲ့သည်။ အကြောင်းသိ၍ စားချင်သူတို့က စာရင်းပေးထားပြီး စောင့်ဆိုင်းကြရသည်။ Bagi Kau သည် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့စဉ် မျိုးစေံကို ရရှိခဲ့သည်ဟု ဆိုသည်။ သူက ဒူရင်းသီး ဝယ်စားခဲ့ပြီး မျိုးကောင်းသဖြင့် အစေ့များကို လွှင့်မပစ်ဘဲ အိမ်သို့ ယူလာပြီး စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။
၁၉၈၅ ခုနှစ် ဝန်းကျင်တွင် Bagi Kau က သူ့မိတ်ဆွေရင်းချာဖြစ်ပြီး ဒူရင်းစိုက်ခင်း လုပ်ကိုင်သူ Leow Cheok Keong ကို စိုက်ပျိုးရန် ခွင့်ပြုခဲ့ပြီး မျိုးစေ့များ ပေးအပ်ခဲ့သည်။ သူပိုင်ဆိုင်သည့် သစ်ခွခြံတွင် စတင်စိုက်ပျိုးခဲ့သည်။ တကယ်တမ်း စီးပွားဖြစ် စိုက်ပျိုးပေးသူမှာ သစ်ခွခြံကို ဝယ်ယူလုပ်ကိုင်ပြီး ဒူရင်းစိုက်ပျိုးသူ Heng Mee Oo ဖြစ်သည်။ သူက နှစ်နှစ်ကြာ စမ်းသပ်စိုက်ပျိုးခဲ့ပြီးနောက် အပင်အသစ်များ တိုးချဲ့စိုက်ပျိုးခဲ့သည်။
ယခုအခါ Heng Mee Oo ၏ စိုက်ခင်းသည် မလေးရှားတွင် ဆူးနက် ဒူရင်းသီး အများဆုံး ထွက်သည့် စိုက်ခင်း ဖြစ်နေပြီ ဖြစ်ပြီး ဆူးနက်ဒူရင်းပင် ၆,၀၀၀ နီးပါး စိုက်ပျိုးထားသည်။
Heng က အကြံပြုလေ့ ရှိသည်မှာ ဆူးနက် ဒူရင်းသီးသည် အရည်အသွေးကို အဓိကထားပြီး ရောင်းချသည်။ ဝယ်ယူသူတို့ကလည်း အရည်အသွေးကြောင့် ဈေးကောင်း ပေးပြီး ဝယ်စားကြသည်။ သို့ဖြစ်ရာ ဆူးနက်ဒူရင်းခြံ စိုက်ပျိုးသူတို့သည် အရေအတွက် များများ ထွက်ဖို့ထက် အရည်အသွေးကောင်းကောင်း ဆူးနက်ဒူရင်းသီးများ ထွက်ဖို့ကိုသာ လုပ်ကိုင်ကြရမယ်။ ရလဒ်ကောင်းမှ ဈေးကောင်းရမည်။ ဈေးကောင်းကို ရေရှည်ဆက်ထိန်းထားနိုင်မည်။
ဆူးနက်ဒူရင်းပင်သည် အထွက်နှုန်းကောင်းသည်။ အလုံး ၃၀၀ အထိ တစ်ပြိုင်နက်တည်း သီးသည်။ ထိုအခါ အသီးများများ ရလျှင် ဝင်ငွေများများ ရမည်ဟု တွက်ချက်ကာ အသီးများကို အပင်မှာ ဆက်လက်ထားရှိကြသည်မှာ အမှားဖြစ်သည်ဟု Heng က ဆိုသည်။ ထိုသို့ အများကြီး ပေးသီးလိုက်ပါက အရည်အသွေး ကျဆင်းနေသည့် အသီးများကိုသာ ဆွတ်ခူးရရှိလိမ့်မည်။
သက်တမ်း ၅ နှစ် ၆ နှစ် ရှိသည့်အပင်ဆိုပါက တစ်ပင်လျှင် ၁၀ လုံးကိုသာ တစ်ပြိုင်နက်တည်း သီးခွင့် ပေးရမည်။ ကျန်သည့်အလုံးများကို ဖယ်ရှားပစ်ရမည် ဖြစ်သည်။ အပင်သက်တမ်း ၂၀ ဝန်းကျင် ရှိသည့်အပင်များတွင် အလုံး ၇၀ ဝန်းကျင် တစ်ပြိုင်နက်တည်း သီးခွင့်ပေးသည်။ သက်တမ်း အနှစ် ၂၀ ကျော်သွားပါက အများဆုံး အလုံး ၁၀၀ ထက် ပိုသီးခွင့် မပေးရဟု သူက အကြံပြုသည်။
“အလုံးတွေ အရမ်းများရင် အပင်က မနိုင်မနင်း ဖြစ်နေတယ်။ မနိုင်မနင်း ဖြစ်နေပြီဆိုရင် အရည်အသွေး အရမ်းကောင်းတဲ့ အသီးတွေ ဖြစ်လာတော့မှာ မဟုတ်ဘူး” ဟု သူက ရှင်းပြသည်။
“အဲဒါကြောင့် ကျွန်တော် အမြဲသတိပေးတယ်။ လောဘမကြီးနဲ့။ အရည်အသွေး မြင့်မားတဲ့ ဒူရင်းသီးတွေ ထုတ်လုပ်ဖို့ကိုပဲ အရင်ဆုံး ခေါင်းထဲမှာ ထားရမယ်။ ပြီးတော့မှ ဈေးနှုန်းတွေ ဝင်ငွေတွေ သူဘာသာသူ ကောင်းကောင်းရလာလိမ့်မယ်။ ဝယ်စားတဲ့သူတွေကလည်း ဈေးကြီးပေးရတာကို မဖြုံဘူး။ တန်တယ်လို့ပဲ ယူဆကြမယ်” ဟု သူက ပြောသည်။
သူက ဆူးနက်ဒူရင်းသီးကို ဈေးကြီး ပေးပြီး ဝယ်စားသည့်အခါ မည်သို့ စားရမည်ကိုလည်း အကြံပြုသည်။
“အနံ့က အရမ်းမွှေးတယ်၊ အသားက နူးညံ့တယ်။ မှည့်နေချိန် ကြက်ဉအနှစ်ရောင် သန်းနေပြီး ဘာအမျှင်မှ မပါဘူး။ ပါးစပ်ထဲကို ထည့်လိုက်တဲ့အခါ ပါးစပ်ထဲမှာ အရည်ပျော်သွားတယ်။ လျှာက ခဏထုံသွားတယ်။ ဖြည်းဖြည်းချင်း စားရမယ်။ ဖြည်းဖြည်းလေး မြုံ့ပြီး စားရမယ်။ ပါးစပ်ထဲ ပလုပ်ပလောင်း ထည့်ပြီး မစားရဘူး။ အရသာကို ဇိမ်ခံပြီး စားရမယ်”
Source:airasia.com/explore