Fruits & Vegetables
Warren Buffett ရဲ့ ၈၀၀၀% ငွေပြန်ရတဲ့ ချောကလက်လုပ်ငန်း See's Candies
Warren Buffett ရဲ့ ၈၀၀၀% ငွေပြန်ရတဲ့ ချောကလက်လုပ်ငန်း See's Candies
ရင်းနှီးမြှုပ်နှံမှုဂုရု ဝါရင်ဘတ်ဖက်တ်သည် ၁၉၇၂ ခုနှစ်တွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှ ချောကလက်ကို ကတ်ထူဘူးဖြင့် ထုတ်လုပ်ရောင်းချသော See's Candies ကို ဝယ်ယူခဲ့သည်။
See's Candies သည် မတန်တဆ ဝင်ငွေပြန်ရသည်။ အရင်းအနှီး အသင့်အတင့်သာ လိုအပ်သည်။ ဈေးကွက်ဝေစုနှင့် အမြတ်ရနိုင်စွမ်းထဲသို့ ပြိုင်ဘက်တို့ အလွယ်ဖြင့် ဝင်မလာနိုင်အောင် သိသာထင်ရှားသော အားသာချက်ဖြင့် "စီးပွားရေးကျုံး" ခံထားသည်။ ထုတ်လုပ်သည့် ချောကလက်များကလည်း ကောင်းသည်။
Warren Buffett က Apple, Coca-Cola, Amazon, Bank of America, စသဖြင့် နာမည်ကြီးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားပြီး အမြတ်အစွန်း အချိုးအစား အများဆုံးပြန်ရသည်မှာ ချောကလက်ဘူး ရောင်းသည့် See's Candies ဖြစ်သည်။ See's Candies သည် ၁၀၀ ရင်းလျှင် ၈၀၀၀ ပြန်ရသည့် လုပ်ငန်းဖြစ်သည်။
"ကျွန်တော်တို့ အမေရိကန်ဒေါ်လာ ၂၅ သန်း ထည့်လိုက်တယ်။ အခွန်မဆောင်ခင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဘီလျံကျော် ပြန်ရတယ်။ ၂ ဘီလျံကို ပိုပိုသာသာ ကျော်တယ်" ဟု Berkshire ၏ ၂၀၁၉ နှစ်ပတ်လည် အစုရှယ်ယာပိုင်ရှင် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
See's Candies ကို Buffett က ဝယ်ယူခဲ့စဉ်က တစ်နှစ်တာ ရောင်းအား အမေရိကန်ဒေါ်လာ သန်း ၃၀ ရှိပြီး အခွန်မဆောင်ခင်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၅ သန်းအောက်မှာသာ ရှိခဲ့သည်။
ယခု တစ်နှစ်တာ ရောင်းအား အမေရိကန်ဒေါ်လာ သန်း ၃၈၀ ရှိပြီး အမြတ် အမေရိကန်ဒေါ်လာ သန်း ၈၀ ရရှိသည်။
See's Candies ကို Buffett က ဝယ်ယူဖို့ ဈေးညှိကြစဉ် အမေရိကန်ဒေါ်လာ ၅ သန်းကြောင့် ပွဲပျက်ဖို့ ဖြစ်ခဲ့သေးသည်။
"See's ကို ဝယ်ဖို့ကိစ္စ ပျက်လုနီးပါး ဖြစ်ခဲ့သေးတယ်။ ရောင်းတဲ့သူက ဒေါ်လာသန်း ၃၀ တောင်းတယ်။ ကျွန်တော်က ဒေါ်လာ ၂၅ သန်းထက် ပိုပြီး တစ်ပြားမှ ပိုပေးဖို့ စိတ်ကူးမရှိဘူး။ ကံအားလျော်စွာ သူက လျှော့ပေးလိုက်တယ်။ အဲဒီလိုသာ မဖြစ်ခဲ့ရင် ကျွန်တော် မရလိုက်ဘဲ အဲဒီ အကျိုးအမြတ် ဒေါ်လာ ၂ ဘီလျံက တခြားသူ လက်ထဲ ရောက်သွားပြီ" ဟု သူက ၂၀၀၇ မှာ ရေးသားခဲ့သော စာတွင် ဖော်ပြထားသည်။
Buffett က See's သည် အရင်းအနှီး အသင့်အတင့်သာ လိုအပ်ပြီး အမြတ်ကြီးမားသည်ကို မကြာခဏ ချီးကျုးလေ့ရှိသည်။ See's မှ စီမံရေး တာဝန်ယူထားသူများ၊ ဈေးဆိုင်ဝန်ထမ်းများကိုလည်း မကြာခဏ ချီးကျူးလေ့ ရှိသည်။
၂၀၀၇ တွင် ရေးသားခဲ့သော စာတွင် သူက ချောကလက် ရောင်းချခြင်းသည် စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ရောင်းရငွေ ချက်ချင်း ပြန်ရသည်။ ထုတ်လုပ်မှု အချိန်တိုတောင်းသည်။ ကုန်ကြမ်းများ သိုလှောင်ထားရသည့်အတွက် ငွေအိပ်နေသည့် ပမာဏ နည်းပါးသည်၊ ငွေအိပ်နေသည့် အချိန်လည်း တိုတောင်းသည်ဟု သုံးသပ်ထားသည်။
See's တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Berkshire Hathaway အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၄၀ သာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်သည်။ အမြတ် အမေရိကန်ဒေါ်လာ ၂ ဘီလျံအထိ Berkshire က ရသည်။ ရသည့်ငွေသည် Buffett ၏ အခြားသော ရင်းနှီးမြှုပ်နှံမှုများအတွက် ရန်ပုံငွေ ရရှိစေသည်။
See's ၏ ယှဉ်ပြိုင်မှုအားသားချက် အခရာ နှစ်ချက်မှာ ကျော်ကြားသော brand ဖြစ်ခြင်းနှင့် သစ္စာရှိသော စားသုံးသူ အခြေ ရှိခြင်းဖြစ်သည်။ ထိုနှစ်ချက်ကြောင့် ပြိုင်ဘက်တို့က ဖောက်သည်များကို လုယူဖို့ ခက်ခဲနေစေသည်။ ရောင်းဈေးကိုလည်း ဈေးတင်ပြီး ရောင်း၍ ရနေစေသည်။
၁၉၉၈ ခုနှစ်တွင် University of Florida မှ စီးပွားရေးသင်တန်းတွင် သင်ကြားနေသူတို့ကို Buffett က ပြောကြားရာတွင် "ကယ်လီဖိုးနီးယားမှာ နေကြတဲ့သူတိုင်းရဲ့ စိတ်ထဲမှာ See's Candies အကြောင်း ရှိနေတယ်။ ဗာလက်တိုင်းဒေးမှာ See's ချောကလက်ဘူးကို ကောင်မလေးဆီကို ယူသွားတယ်။ သူ့ကို ကောင်မလေးက အနမ်းပြန်ပေးတယ်။ ဒီတော့ See's Candies ဆိုတာ အနမ်းတွေ ရစေတယ်ဆိုတဲ့ အတွေး လူတွေရဲ့ စိတ်ထဲမှာ ရှိနေရင် ကျွန်တော်တို့ ဈေးတင်ပြီး ရောင်းလို့ရတယ်" ဟု ရှင်းပြခဲ့သည်။
ရောင်းဈေးကို ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်အရ မသတ်မှတ်ဘဲ ကုန်သည်အပေါ် ဝယ်ယူသူတို့ တန်ဖိုးထားမှုအရ သတ်မှတ်သည်။ ဝယ်ယူသူတို့က ပေါပေါလောလော ချောကလက်အစား ဈေးမပေါသည့် ချောကလက်ကိုသာ လက်ဆောင်ပေးလိုကြသည်။ စားသုံးလိုကြသည်။
See's Candies က ၁၉၇၂ တွင် ချောကလက် တစ်ပေါင်ကို ၂ ဒေါ်လာ ဖြင့် ရောင်းချခဲ့ပြီး ယခုအခါ ဒေါ်လာ ၂၀ အထက်ဖြင့် ရောင်းချသည်။