Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ဂဟေသမားမှ Haidilao ဟော့ပေါ့ဘုရင် ဘီလျံနာ ဖြစ်လာသူ Zhang Yong

ဂဟေသမားမှ Haidilao ဟော့ပေါ့ဘုရင် ဘီလျံနာ ဖြစ်လာသူ  Zhang Yong 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

စားသောက်ဆိုင် ဆိုင်ခွဲများ အ‌မြောက်အမြားဖွင့်လှစ်ထားသော Haidilao Hot Pot ကို ထူထောင်သူ Zhang Yong သည် ကန်ဒေါ်လာ ၁၇ ဘီလီယံတန်သည့် ဟော့ပေါ့စားသောက်ဆိုင် ဆိုင်ခွဲများ အင်ပါယာကို ပိုင်ဆိုင်သူ ဖြစ်သည်။ သူသည် တရုတ်နိုင်ငံမှ စက်ရုံတစ်ခုတွင် ဂဟေသမားအဖြစ် လုပ်ခ တစ်နာရီ ၁၄ ဒေါ်လာ ရသူ အဖြစ်မှ ၂၀၁၉ ခုနှစ်တွင် အသားတင်တန်ဖိုး ဒေါ်လာ ၁၃.၉ ဘီလီယံ ရှိသည်အထိ ကြွယ်ဝချမ်းသာသူ အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ 

သူသည် စင်ကာပူနိုင်ငံသား အဖြစ်ခံယူခဲ့ရာ တရုတ်ပြည်ဖွား Zhang Yong သည် စင်ကာပူတွင် အချမ်းသာဆုံး လုပ်ငန်းရှင်များထဲမှာ တစ်ဦးအပါအဝင် ဖြစ်သည်။ 

.

Zhang သည် တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်ရှိ  တောမြို့လေးတွင် ဆင်းရဲနွမ်းပါးစွာဖြင့် မွေးဖွားခဲ့သည်။

.

အရွယ်ရောက်ပြီးခါစတွင် သူနေထိုင်ရာနေရာရှိ ဟော့ပေါ့စားသောက်ဆိုင်တစ်ခုမှာ ပထမဆုံးအကြိမ်စားသောက်ခဲ့ရာ ဆိုးဝါးသည်ကိုကြုံခဲ့ရာမှ ဟော့ပေါ့စားသောက်ဆိုင် ဖွင့်ရန် စိတ်ကူးပေါ်ပေါက်ခဲ့သည်။

.

Zhang သည် ဟော့ပေါ့ဆိုင် ဖွင့်ရန် လက်ရှိအလုပ်ဖြစ်သည့်  စက်ရုံတစ်ခုတွင် တစ်လလျှင် ၁၄ ဒေါ်လာသာရသည့် ဂဟေသမား အလုပ်မှ ထွက်လိုက်သည်။

Zhang သည် ဆင်းရဲသောမိသားစုမှာ မွေးဖွားသူ ဖြစ်သဖြင့် ဟော့ပေါ့ဆိုင်ဖွင့်ရန် အရင်းအနှီးအတွက် အသိမိတ်ဆွေ ၃ ဦးထံမှ ချေးငွေရယူပြီး ဟော့ပေါ့ဆိုင် စတင်ဖွင့်လှစ်ခဲ့သည်။ 

ယခုအခါ ကမ္ဘာတစ်လွှားရှိ မြို့ကြီး စုစုပေါင်း ၁၀၀ ကျော်တွင် Haidilao Hot Pot ဆိုင်ပေါင်း ၆၀၀ ကျော် ဖွင့်လှစ်ထားသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပြီး Zhang သည်လည်း ဘီလျံနာ ဖြစ်နေပြီ ဖြစ်သည်။

 

သူ့စားသောက်ဆိုင်ခွဲများလုပ်ငန်း Haidilao Hot Pot သည် အပူအစပ်အရသာကြောင့် လူသိများသည့်အပြင် လာရောက်စားသုံးသူများအတွက် တစ်မူထူးခြားသော အခမဲ့ ဝန်ဆောင်မှုများကြောင့်လည်း လူသိများသည်။ 

အခမဲ့ လက်သည်းအလှခြယ်ပေးသည်။ ရှူးဖိနပ်ကို အခမဲ့ ပေါလစ်တိုက်ပေးသည်။

ကမ္ဘာတစ်လွှား ဖြန့်ကျက်ထားသည့် ဟော့ပေါ့စားသောက်ဆိုင်ခွဲများ အင်ပါယာကြောင့် Haidilao ထူထောင်သူ Zhang Yong သည် စင်ကာပူ အချမ်းသာဆုံးသူဌေးစာရင်းတွင် ပါဝင်နေသည်။ 

.

Forbes အဆိုအရ ကိုဗစ်အကြိုကာလ ၂၀၁၉ စက်တင်ဘာလတွင် Zhang ၏ အသားတင်တန်ဖိုး ဒေါ်လာ ၁၃.၉ ဘီလီယံ ရှိပါသည်။

.

အသက် ၅၀ နှစ်ဝန်းကျင်ရှိသူ Zhang Yong စင်ကာပူမှာ နေထိုင်ပါသည်။ မိသားစုနှင့်အတူ ၂၀၁၈ ခုနှစ်မှာ စင်ကာပူသို့ ပြောင်းရွှေ့ခဲ့ပါသည်။ စင်ကာပူ နိုင်ငံသားအဖြစ်ခံယူပြီး စင်ကာပူနိုင်ငံကူးလက်မှတ် ရယူပါသည်။ 

.

Zhang က အထက်တန်းကျောင်းမှာ ကျောင်းတက်နေစဉ် ကျောင်းထွက်ခဲ့ရသူ ဖြစ်သော်လည်း ယခုအခါ MBA သင်တန်း ၂ ခု တက်ခဲ့ပြီးပါပြီ။ 

.

"ကျွန်​​တော်​က ​ကျေး​လက်​က​ လာတဲ့သူပါ။ ကျေးလက်မှာ နေကြတဲ့သူတွေက သူများ​ဆီက​ငွေ​ယူ​ပြီး ကိုယ်ကပြန်ပြီး တန်ရာတန်ကြေး  အကျိုး​မ​ပြုရင် လူလိမ်​​လို့ ယူဆကြပါတယ်" ဟု သူက ၂၀၁၃ ခုနှစ်တုန်းက Wall Street Journal ကို အင်တာဗျူးမှာ ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံရှိ Haidilao ၏ ဝန်ထမ်းအများစုသည် ပညာရေးချို့တဲ့သော ကျေးလက်မြို့များမှ လူငယ်များဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် တရုတ်သတင်းစာ The Economic Observer နှင့် အင်တာဗျူးတွင် Zhang က "ကျွန်တော့ ဝန်ထမ်းတွေကို ကျွန်တော် ဘာလို့ နားလည်ပေးနိုင်တာလဲ။ ဘာလို့လဲဆိုတော့ ကျွန်တော့အသက် ဆယ့်လေးငါးနှစ်တုန်းက ကျွန်တော် တန်ဖိုးထားတာတွေ၊ အတွေ့အကြုံနုနယ်တာတွေ ရှိခဲ့လို့ပါ" ဟု ပြောကြားသည်။

 

Haidilao__2.png

 

တရုတ်ဘီလျံနာ Zhang Yong ၏ ကြွယ်ဝချမ်းသာမှုကို ကမ္ဘာ့ ဟော့ပေါ့ဆိုင်ခွဲများလုပ်ငန်း Haidilao မှ ရရှိပါသည်။

စားပွဲ ၄ ခုပါသည့် ဆိုင်တစ်ဆိုင်ဖြင့် နေရပ်မြို့ငယ်လေးတွင် စတင်ခဲ့ပြီး ၂၅ နှစ်အကြာတွင် ကမ္ဘာတစ်လွှား ဆိုင်ခွဲများ ၄၆၀ ကျော်ကို အမေရိကန်၊ ယူကေ၊ တောင်ကိုရီးယား၊ ဂျပန်၊ သြစတြေးလျ၊ ကနေဒါ၊ စင်ကာပူနှင့် မလေးရှားတို့တွင် ဖွင့်လှစ်ထားသည့် အခြေအနေသို့ ရောက်ရှိသည်။

မန်ဒါရင် Mandarin တရုတ်ရုံးသုံးစကားတွင် haidilao ဟူသော စကားလုံးသည် "ပင်လယ် ကြမ်းပြင်မှာ ရတနာတွေ လိုက်လံကောက်ယူတယ်" ဟု ဆိုလိုသည်။

အတုံးပြားလေးများ အလိုက်သင့် ဆက်ပြီး ကစားရသော မာကျောက် ကစားနည်းတွင် နောက်ဆုံးလက်ကျန် အတုံးပြားကို အသုံးပြုပြီး တစ်ချီအနိုင်ရလိုက်သော ကံကောင်းထောက်မသည့် အကွက်ကိုလည်း haidilao ဟု သုံးနှုန်းကြသည်။

.

ဆယ်ကျော်သက်အရွယ်တွင် Zhang သည်  ခရိုင်စာကြည့်တိုက်မှ နိုင်ငံတကာ စာအုပ်များ ဖတ်ရှုပြီး မိမိဘာသာ ပညာသင်သည်။ သို့သော် နိုင်ငံတကာ စာအုပ်များမှာ များများစားစား မရှိချေ။ အစိုးရက ဝါဒဖြန့်သည် စာအုပ်များက များနေသည်။ 

.

The Economic Observer ကို Zhang က ပြောပြသည်မှာ "အသက် ၁၄ နှစ်မှာ ယောက်ျားလေးအများစု အသံပြောင်းကြတယ်။ ကျွန်တော်က အသံမပြောင်းဘူး၊ ကလေးသံပဲ ဖြစ်နေယ်။ ကိုယ့်ကိုယ်ကိုတောင် ငါကလေးသံနဲ့ပဲ ဖြစ််နေတော့မှာလား မသေချာသလို အရမ်းစိတ်လှုပ်ရှားမိတယ်။  မိန်းကလေးတွေနဲ့ စကားမပြောရဲတော့ဘူး။  ဆိုရှယ် မဖြစ်တော့ဘူး။ အခုအထိ ကျွန်တော် မကတတ်ဘူး" 

.

 Zhang သွားနေကျ စာကြည့်တိုက်တွင် ကွန်မြူနစ်ဝါဒဖြန့်သည့် စာအုပ်များသာ ရှိခဲ့ရာမှာ ၁၉၈၃ နှင့် ၁၉၈၄ ခုနှစ်တို့တွင် အိန္ဒိယ စာရေးဆရာ တဂိုး၏ ကဗျာစာအုပ်များ၊ သမိုင်းစာအုပ်များ အပါအဝင် ပြည်ပမှ စာအုပ်များ ရောက်လာခဲ့သည်။ 

ထိုစာအုပ်များ ဖတ်ပြီးသောအခါ သူသည် ဘာမှ မသိသေးသည်သူဟု သဘောပေါက်သွားသည်ဟု Zhang က ပြောပြသည်။ 

 

Zhang က အထက်တန်းကျောင်းမှ ထွက်ခဲ့ပြီး သက်မွေးပညာကျောင်းမှာ သင်တန်းတက်ခဲ့သည်။ ထို့နောက် လူငယ်အရွယ်မှာ လယ်ထွန်စက် ထုတ်လုပ်သည့် အစိုးရစက်ရုံတွင် ဂဟေသမားအဖြစ်  ၆ နှစ် လုပ်ကိုင်သည်။ တစ်လ ၉၃ ယွမ် (၁၄ ကန်ဒေါ်လာ) ရသည်။ အသက် ၁၉ နှစ်ကျမှ စားသောက်ဆိုင်တွင် ပထမဆုံးအကြိမ် စားဖူးသည်။ သူက ဟော့ပေါ့စားသောက်ဆိုင်တစ်ဆိုင်မှာ သွားစားသည်။ ဟော့ပေါ့သည် တရုတ်ပြည်တွင် ရေပန်းစားသည့် အစားအစာဖြစ်သည်။  သူစားသည့် ဆိုင်တွင် အစားအသောက်များက ညံ့ဖျင်းသည်။ ဆိုင်ဝန်ထမ်းများက ရိုင်းစိုင်းသည်။ လာရောက်စားသုံးသူများကို အတိုင်းထက်အလွန် ကောင်းမွန်သော ဝန်ဆောင်မှု ပေးအပ်ဖို့ လိုအပ်သည်ဟု သူသင်ခန်းစာ ရရှိခဲ့သည်။ 

.

အလုပ်ရှင်နှင့် သူ သဘောထားကွဲလွဲသဖြင့် သူ အလုပ်ထွက်လိုက်သည်။ သူငယ်ချင်း ၂ ဦး ဖြစ်သည့် Shi Yonghong နှင့် Li Haiyan  တို့ ထံမှလည်းကောင်း၊  ဇနီးသည် Shu ထံမှ လည်းကောင်း စုစုပေါင်း ယွမ် တစ်သောင်း ငွေချေးပြီး ဟော့ပေါ့စားသောက်ဆိုင်ငယ်တစ်ခု သူဖွင့်လှစ်ခဲ့သည်။ 

သူ ပထမဆုံး ဖွင့်လှစ်လိုက်သည့် ဟော့ပေါ့ဆိုင်တွင် စားပွဲ ၄ ခု သာရှိသည်။ 

“ကျွန်တော့မှာ တစ်ပြားတစ်ချပ်မှ  အရင်းမရှိတဲ့အတွက် တခြားသူတွေက တကယ့်ရင်းနှီးမြုပ်နှံသူတွေပါ" ဟု သူက Economic Observer နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ 

.

"ငါးနှစ်အတွင်း   ယွမ် ၁၅၀,၀၀၀ (ဒေါ်လာ ၂၁,၅၀၀) အထိ စီးပွားတက်လာမယ်လို့ သူတို့ကို ကျွန်တော် ကတိပေးခဲ့ပါတယ်။ တကယ်လို့ ကျွန်တော် မစီမံနိုင်ခဲ့ရင်  သူတို့ကို လျော်ကြေးပေးမယ်လို့ လည်း ကတိပေးပါတယ်။ ယွမ် တစ်သိန်းခွဲဆိုတာ အဲဒီအချိန်က မနည်းမနော ပမာဏဖြစ်လို့ သူတို့က အံ့အားသင့်ကြတယ်။ 

ထိုစဉ်က ချေးငွေ ထုတ်ချေးပေးခဲ့ကြသော Shu, Shi, နှင့်  Li  တို့သည် ယခုအခါ ဘီလျံနာများ ဖြစ်နေကြပြီ ဖြစ်သည်။ 

.

Zhang သည် ဆိုင်တွင် လာရောက်စားသောက်သူများကို အခမဲ့ သွားရည်စာများ ကျွေးမွေးဧည့်ခံခြင်းနှင့် အထူးလျှော့စျေးများကို ကြော်ငြာခြင်းဖြင့် သူ၏ စားပွဲလေးလုံး စားသောက်ဆိုင်သို့ စားသုံးသူများကို ဆွဲဆောင်ခဲ့သည်။

စားပွဲ မအားသေးသဖြင့် စောင့်ဆိုင်းနေကြသည့် လာရောက်စားသောက်သူများ စောင့်နေရစဉ် ဂိမ်းများ၊ အခမဲ့ သွားရည်စာများ၊ သောက်စရာ ဖျော်ရည်များ အမြဲ အခမဲ့ စီစဉ်ပေးထားသည်။ 

 

Zhang က ဟော့ပေါ့ချက်နည်းကို ကောင်းကောင်းမသိသောကြောင့် ထိုအစား ကောင်းမွန်သည့် ဝန်ဆောင်မှုကို အာရုံစိုက်ခဲ့သည်။ လာရောက်စားသောက်သူများကို အကောင်းဆုံး ဝန်ဆောင်မှုများ ပေးအပ်ခြင်းသည်  Zhang' ကိုယ်ပိုင်အယူအဆ၏ ဗဟိုချက် ဖြစ်သည်။ 

.

"ဆိုင်ထဲ ဝင်လာလာတဲ့ ဧည့်သည်တိုင်း  နောက်တစ်ခါ ပြန်လာစားအောင်  ကျွန်တော်ကိုယ်တိုင် သေသေချာချာ ဝန်ဆောင်မှု ပေးပါတယ်" ဟု သူက  Forbes အင်တာဗျူးတွင် ပြောကြားခဲ့သည်။ 

 ပထမဆုံးဆိုင်ကို ဖွင့်လှစ်ခဲ့ပြီး လပိုင်းအကြာတွင် Haidilao သည် Jianyang တွင် အကြီးဆုံး ဟော့ပေါ့ဆိုင် ဖြစ်လာသည်။ Zhang က ဒုတိယမြောက် ဟော့ပေါ့ဆိုင်ကို တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့သည်။ 

.

၄ နှစ် ကြာပြီးချိန် ၁၉၉၈ ခုနှစ်တွင် မိတ်ဆွေတစ်ဦးက  တရုတ်ပြည် အလယ်ပိုင်း Xi'an တွင် ဟော့ပေါ့ဆိုင် ဖွင့်ရန် အကြံပြုသည်။ သို့ဖြစ်ရာ တတိယမြောက် ဟော့ပေါ့ဆိုင်ကို ဖွင့်လှစ်ခဲ့သည်။  မအောင်မြင်ခဲ့ချေ။ ခွက်ခွက်လန် ရှုံးသည်။ နှစ်တစ်ဝက်အတွင်းမှာ ယွမ် ၃ သိန်း အရှုံးပေါ်သည်။  ထိုသို့ ဖြစ်ရသည်မှာ ၎င်းဆိုင်ကို သူလှည့်မကြည့်နိုင်သောကြောင့် ဖြစ်သည်။ 

"အဲဒီနောက်ပိုင်း တခြားသူတွေနဲ့ ပါတနာ ဘယ်တော့မှ မလုပ်တော့ဘူး" ဟု Zhang က ပြောပြသည်။ 

.

လာရောက်စားသုံးသူများကို အကောင်းဆုံး ဝန်ဆောင်မှုများ ပေးအပ်ရန်သာ လုပ်ဆောင်ခဲ့ပြီး Zhang  တွင် စီးပွားရေး မဟာဗျူဟာ မရှိချေ။ သူငယ်ရွယ်စဉ် ဆင်းရဲခဲ့သည့် ဘဝမှ လွတ်မြောက်လိုစိတ်သာ သူ့မှာ ရှိသည်။ 

သူငယ်ရွယ်စဉ်က ဆိုးဆိုးဝါးဝါး ဖြစ်ရပ်တစ်ခုကို ကြုံခဲ့ဖူးသည်။ 

သူ့ငယ်သူငယ်ချင်းကို ၎င်းမိခင်ဖြစ်သူက ကြွက်ဆေးအဆိပ် ကျွေးပြီး သတ်ခဲ့သည်။ အကြောင်းမှာ ဖခင်ဖြစ်သူက မိသားစုကို ပစ်သွားသဖြင့် မိခင်သည် ဆက်လက်ရပ်တည်ဖို့ မစွမ်းသာသောကြောင့် ဖြစ်သည်။ မိခင်သည်လည်း သတ်သေခဲ့သည်။ ထိုဖြစ်အင်က Zhang ၏ ဘဝရှေ့ရေး မြော်မြင်မှုအပေါ် သက်ရောက်မှု ကြီးမားခဲ့သည်ဟု သူက ပြောပြသည်။ 

.

သူက Hupan University သို့ သွားရောက်ခဲ့စဉ်  "လူတွေက ကျွန်တော့ကို ဘာလို့ Haidilao  ကို စဖြစ်ခဲ့တာလဲ၊ ကျွန်တော့ စီးပွားရေး မဟာဗျူဟာက ဘယ်လိုလဲလို့ မေးကြတယ်။ ကျွန်တော့မှာ အဖြေ မရှိဘူး။ အဲဒီတုန်းက ကျွန်တော် စဉ်းစားတယ်။ ဆင်းရဲတဲ့ဘဝဖြင့် မွေးဖွားခဲ့ရတာကို ကျွန်တော် ပြောင်းလဲပစ်ချင်တယ်။ သာမန်ပျမ်းမျှအဆင့်ထက် နည်းနည်းပိုကောင်းတဲ့ဘဝကို ရချင်တယ်။ Haidilao ရဲ့ မစ်ရှင်၊ မြော်မြင်ခြင်းနှင့် တန်ဖိုးထားခြင်းတို့က တစ်ခုတည်းပဲ။ အတူတူပဲ။ သင့်ဘဝကို သင့်ကိုယ်ပိုင်လက်များဖြင့် ပြောင်းလဲပါ" ဟု သူက ပြောကြားသည်။ 

ထိုအရာကို လုပ်ဆောင်ရန် အရင်ဆုံး ဝင်ငွေ ရဖို့လုပ်ကိုင်ခြင်းဖြင့် စတင်ရမည် ဖြစ်ကြောင်း သူက ပြောကြားသည်။ 

၂၀၁၁  နှင့် ၂၀၁၂ တို့တွင် Zhang ကျောင်းပြန်တက်သည်။ MBA အစီအစဉ်  ၂ ခု ပြီးမြောက်ခဲ့သည်။ ပေကျင်းရှိ Cheung Kong Graduate School of Business တွင် သူ MBA  သင်တန်းတက်ခဲ့ခြင်း ဖြစ်သည်။ 

သူ့ဇနီး Shu ကလည်း ကျောင်းပြန်တက်ခဲ့ပြီး MBA အစီအစဉ်  ၂ ခု ပြီးမြောက်ခဲ့သည်။ တစ်ခုကို ၂၀၁၅ ခုနှစ်တွင် heung Kong Graduate School of Busines တွင် ပြီးစီးခဲ့သည်။ ကျန်တစ်ခုကို ၂၀၁၆ ခုနှစ်တွင် Shanghai Jiaotong University မှာ ပြီးစီးခဲ့သည်။ 

.

Haidilao_3.png

 

Haidilao ၏ ဂုဏ်သတင်း ကျော်ကြားသည်မှာ ထူးခြားသည့် အခမဲ့ ဝန်ဆောင်မှုများကို ကျော်ကြားခြင်း ဖြစ်သည်။ ဆိုင်ထဲ လူပြည့်နေသဖြင့် စားပွဲမအားသေးသောကြောင့် စောင့်ဆိုင်းနေရစဉ် လက်သည်း အလှခြယ်ခြင်းကို အခမဲ့ ဝန်ဆောင်မှု ပေးသည်။ ရေနွေး မျက်နှာသုတ်ပုဝါ အခမဲ့ ကမ်းသည်။ အမျိုးသမီး အိမ်သာတွင် လစဉ်သုံးပစ္စည်းကို အခမဲ့ ရယူနိုင်သည်။  သားရေရှူးဖိနပ်ကို အခမဲ့ ပေါလစ်တိုက်ပေးသည်။ အနှိပ်ထိုင်ခုံများတွင် အနှိပ်ခံနိုင်သည်။ ကလေးများအတွက် ဆော့ကစားရန် အခန်း ထားရှိပေးထားသည်။ 

စားသောက်နေစဉ် သွားရည်စာများ၊ သစ်သီးများ အခမဲ့ ပေးသည်။ စားသောက်သည့် စားပွဲသို့ စာဖိုမှူး ကိုယ်တိုင်လာပြီး စားသောက်ဖို့ ပြင်ဆင်ပေးသည်။ ဖျော်ဖြေမှုများလည်း တင်ဆက်ပေးထားသည်။ 

.

၂၀၁၈ ခုနှစ်တွင်  Haidilao  သည် ပျမ်းမျှအားဖြင့် သုံးရက်လျှင် တစ်ဆိုင်ကျ ဆိုင်အသစ် ဖွင့်သည်။ ဖွင့်သည့်ဆိုင်ခွဲတိုင်း တစ်လမှ သုံးလအတွင် အရင်းကြေသည်။ 

နိုင်ငံခြားသားများက ဟော့ပေါ့ကို စိတ်ဝင်စားကြသဖြင့် ပြည်ပနိုင်ငံများတွင် ဆိုင်များ ဖွင့်လှစ်ဖြစ်ခဲ့သည်။ 

ဝန်ထမ်းများကို စွမ်းဆောင်ရည်အရ ရာထူးတိုးပေးသည်။ အလုပ်ဝန်ထုပ်ဝန်ပိုးနှင့် ထိုက်တန်သော လုပ်ခ ပေးသည်။

ဝန်ထမ်းများကို စီမံခန်ံခွဲသည့် အဆင့်သို့ ရာထူးတိုးပေးလေ့ ရှိသည်။ ခြင်း ရံဖန်ရံခါမှသာ ပြင်ပမှ အလုပ်ခေါ်ခန့်သည်။ Haidilao  ၏ စီအီးအို Yang Xiaoli သည် တစ်ချိန်တုန်းက စားပွဲထိုးဖြင့် အလုပ်စဝင်ခဲ့သူ ဖြစ်သည်။ 

ဝန်ထမ်းများကို လစာကောင်းကောင်းပေးသည့်အပြင် နေစရာအခမဲ့ ပေးသည်။ အလုပ်သင် အစီအစဉ်များ အခမဲ့ သင်ကြားပေးသည်။ အလုပ်ထွက်သည့် ရာခိုင်နှုန်းသည် ၁၀% သာ ရှိသည်အထိ လူမြဲသည်။ 

လာရောက်စားသောက်သူများ ပိုမိုများပြားလာသည်နှင့်အမျှ ဆိုင်ဝန်ထမ်းများ အလုပ်ဝန်ထုပ်ပိုများလာသဖြင့် လုပ်ခကိုလည်း ပိုတိုးပေးကြောင်း Zhang  က ပြောကြားသည်။ 

.

ဟောင်ကောင် စတော့အိပ်ချိန်းတွင် ရှယ်ယာများ စတင်ရောင်းချသောအခါ  ကန်ဒေါ်လာ ၉၆၃ သန်း ရရှိခဲ့သည်။ 

Haidilao   ၏ တစ်နှစ်တာ ရောင်းအားမှာ ကန်ဒေါ်လာ ၁၇ ဘီလီယံ ရှိသည်ဟု Forbes ဆိုသည်။ 

.

Zhang  သည် စင်ကာပူသို့ ပြောင်းရွှေ့အေခြချခဲ့သည်။ င်ကာပူနိုင်ငံသား ခံယူလိုက်သည်။  ရုက္ခဗေဒဥယျာဉ် အနီးတွင် တည်ရှိသည့် စင်ကာပူဒေါ်လာ ၂၇ သန်းပေးရသည့် အိမ်ကြီးရခိုင်တွင် မိသားစုနှင့်အတူ နေထိုင်သည်။ 

၂၀၁၉ ခုနစ်တွင် Forbes မှ ထုတ်ပြန်သော စင်ကာပူမှ အချမ်းသားဆုံးသူဌေးများစာရင်းတွင် Zhang သည် နံပါတ်(၁) နေရာကို ရရှိသည်။ 

စင်ကာပူသို့ မပြောင်းရွှေ့ခင်က Zhang သည် Forbes မှ ထုတ်ပြန်သေ တရုတ်ပြည် အချမ်းသားဆုံးသူဌေးများစာရင်းတွင် နံပါတ် (၁၉) တွင် ရှိနေခဲ့သည်။ တရုတ်ပြည်တွင် အချမ်းသာဆုံး စားသောက်ဆိုင် လုပ်ငန်းရှင် ဖြစ်ခဲ့သည်။ 

Source insider.com

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 16 December 2022 18:18
Rate this item
(0 votes)