Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


Chinese Style ပြည်လုံးချမ်းသာ

ပြည်လုံးချမ်းသာလို့ လူသိများတဲ့ ဆိုင်ဟင်းတစ်ခွက် ဖြစ်ပါတယ်။ ဒီဟင်းတစ်ခွက်အတွက် သီးနှံ အရောင်စုံနှင့် အသားငါး အစုံအလင်ကို အသုံးပြုပြီး ကြော်ရမှာ ဖြစ်ပါတယ်။ ချက်ပုံချက်နည်းကိုတော့ အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ငါးအသားလုံး၊ ငါးဖယ်လုံး၊ ပုစွန်၊ ပြည်ကြီးငါး၊ ကြက်သား၊ မုန်ညင်းဖြူ၊ ဗိုလ်စားပဲ၊ ပန်းမုန်လာစိမ်း၊ ပြောင်းဖူး၊ ရွှေပဲသီး၊ မုန်လာဥနီ၊ ကောက်ရိုးမှို၊ ငုံးဥ၊ ကြက်သွန်ဖြူ၊ ကြက်ပြုတ်ရည်၊ ဆား၊ ဟင်းခတ်မှုန့်၊ ပြောင်းဖူးမှုန့်၊ ကော်မှုန့်၊ ကြက်ဥနှင့် ဆီ တို့လိုအပ်ပါမယ်။

 

ပထမဦးဆုံး ထည့်မည့် သီးနှံများအားလုံးကို ရေဆေးသန့်စင်ပြီး လိုသလို လှီးဖြတ်ထားပါ။ မိမိနှစ်သက်ရာ သီးနှံများကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

 

ကြက်သား၊ ပြည်ကြီးငါးနှင့် ပုစွန်တို့ကို ရေဆေးသန့်စင်ပြီး လှီးဖြတ်ထားပါ။ ငုံးဥကို ပြုတ်ပြီး အခွံနွှာထားပါ။ ကြက်ဥ ၂ လုံးကို ခေါက်ထားပါ။

 

ပန်းကန်တစ်ချပ်မှာ ပါဝင်သော အသား၊ ပုစွန်၊ ငါးလုံး၊ ငုံးဥနှင့် သီးနှံတို့ကို တစ်စုထဲ ထားပါ။ ပြောင်းဖူးမှုန့်ကို ရေထည့်ပြီး ဖျော်ထားပါ။ ကြက်သွန်ဖြူကို ဓားပြား ရိုက်ထားပါ။

 

အားလုံးအသင့်ဖြစ်ပါက ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ကြက်သွန်ဖြူနှင့် ကြက်သားကို ဦးစွာထည့်ကြော်ပါ။

 

ကြက်သားအရောင်ပြောင်းပါက ပြည်ကြီးငါး၊ ပုစွန်နှင့် ငါးဖယ်လုံးတို့ကို ထည့်ပါ။ ပြီးလျှင် ရေဆေးပြီး ရေစစ်ထားသော သီးနှံတို့ကို ထည့်ကြော်ပါ။ မီးပြင်းပြင်းဖြင့် ကြော်ပါ။

 

ပြီးနောက် ငုံးဥပြုတ်ထည့်ပါ။ ဆားနှင့် ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး ကြက်ပြုတ်ရည် အနည်းငယ် ထည့်ပါ။

 

ရေဆူပွက်ပါက အသင့်ဖျော်ထားသော ပြောင်းဖူးမှုန့်ကို ထည့်ပြီး ခပ်မြန်မြန်မွှေပေးကာ အရသာအပေါ့အငန်မြည်းပြီး ပန်းကန်ထဲ ထည့်ပါ။

 

အသီးအနှံများကျက်ခါနီးမှာ တစ်ဖက်အိုးဖြင့် ကြက်ဥအပြန့်ကို အသင့်ကြော်ထားပါ။

 

ပြီးရင်တော့ ကြော်ပြီးသား ဟင်းရွက်စုံကြော်ပေါ်မှာ ကြက်ဥအပြန့်ကြော်တစ်ချပ်အုပ်ပေးပြီးရင်တော့ မြိန်ယှက်စွာသုံးဆောင်နိုင်ပါတယ်။

 

Read times
Rate this item
(1 Vote)