Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နယ်စပ်ကုန်သွယ်ရေး မဖွင့်သေးလို့ စိုက်ပျိုးမွေးမြူရေးကုန်စည်များ ထိခိုက်နေ

တရုတ်- မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို ပိတ်ထားတာ နှစ်လကျော်ကြာလာချိန်မှာ ပြည်တွင်းက တောင်သူတွေ၊ ရေထွက်ကုန် လုပ်ငန်းရှင်တွေ ဝင်ငွေအတော်လေး ထိခိုက်နေကြပါတယ်။

ပြည်ပ မပို့နိုင်လို့ ပြည်တွင်းဈေးကွက်ကိုပဲ အဓိကထား ထုတ်လုပ်၊ ရောင်းချလာကြပါတယ်။ အမြတ်ရတာ နည်းသွားပေမဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ကပ်ရောဂါကြောင့် လုပ်ငန်းလည်ပတ်နေအောင် ဈေးကွက်ပြောင်းနေကြရတယ်လို့ ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်မြန်မာကုန်သွယ်ရေးဂိတ်တွေကို လွန်ခဲ့တဲ့ တနှစ်လောက်က စပြီး တရုတ်ဘက်က ပိတ်လိုက်၊ ဖွင့်လိုက်လုပ်ခဲ့ပြီးတဲ့နောက် ဇူလိုင်လမှာတော့ ကုန်သွယ်ရေးဂိတ်အားလုံးကို လုံးဝပိတ်ခဲ့ပါတယ်။ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်နားထားတာ လချီနေပြီဖြစ်လို့ ဒီကုန်သွယ်ရေးကို မှီခိုနေရသူတွေအားလုံး ထိခိုက်နစ်နာရတယ်လို့ မူဆယ် ဆန်ကုန်သည်အသင်းဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။

“အဲဒီတော့ ကြက်သွန်တို့၊ ငရုတ်သီးတို့၊ အခြားသွင်းကုန် ထွက်ကုန်မှန်သမျှ လုံးဝရပ်သွားတယ်။ နာနတ်သီးဆို လုံးဝပို့လို့ မရတော့ဘူး၊ လုံးဝရပ်သွားတယ်။ အခြားကြက်သွန်ဖြူဈေးတွေလည်း ထိုးကျသွားတယ်။ တချို့ဆို ၁၀၅ မိုင်မှာတင် အလကားပေးရတဲ့အဆင့်ကို ရောက်သွားတယ်၊ ပုပ်မှာစိုးလို့ပေါ့နော်။ အဲဒီထက်ဆိုးတာက မူဆယ်မြို့ ဂိုထောင်အသီးသီးမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်လက်မဲ့ ဖြစ်သွားတယ်၊ စားဝတ်နေရေး အတော်လေး ထိခိုက်သွားတယ်။ ကျန်းမာရေး မကောင်းတာတွေရော ကြုံတွေ့ရတယ်။ ဒီအတွက် ပြောရမယ်ဆိုရင်တော့ ခန့်မှန်းလို့မရအောင် ဆုံးရှုံးနစ်နာမှုတွေ တွေ့ကြုံရတယ်နော့။”

မူဆယ် ၁၀၅ မိုင်ကတဆင့် ရေထွက်ကုန်တွေကို တရုတ်နိုင်ငံဘက် တင်ပို့နေတဲ့ လုပ်ငန်းရှင် ဦးအောင်ဟိန်းဟာ အခုဆိုရင် ပြည်တွင်းမှာပဲ သူ့ကုန်ပစ္စည်းတွေကို အဓိက ဖြန့်ဖြူးနေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။ သူ့လိုပဲ ပို့ကုန်လုပ်ငန်းရှင်တွေက ပြည်တွင်းဈေးကွက်ထဲမှာ ရောင်းနေရတဲ့အတွက် ကုန်ပစ္စည်းတွေပြည်တွင်းမှာ ပိုလျှံနေပြီး ဈေးနှုန်းလည်းကျလာလို့ ပြည်ပပို့ရသလောက် အမြတ်မရဘူးလို့ ခုလို ပြောပြပါတယ်။

“ကုန်စည်စီးဆင်းမှု ပိတ်သွားတယ်၊ လမ်းကြောတွေ ပိတ်သွားတဲ့အခါကျတော့ ပြည်တွင်းမှာ စားသုံးသူကလည်း သိပ်မစားနိုင်ဘူးလေ၊ ကုန်တွေက များလာတယ် စားသုံးသူကလည်း မနိုင်တော့ဘူးလေ။ ငါးရယ်၊ ပုစွန်ရယ် ဈေးတွေကထိုးကျ၊ အဲလိုမျိုးတွေဖြစ်နေတာ။ ပုံမှန် ၂၀၀၀ ရောင်းရတဲ့ငါးက အခုဆိုရင် ၁၂၀၀၊ ၁၀၀၀။ ၁၀၀ မှာ ၂၅ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ် အမြတ်ငွေက၊ ၇၅ ရာခိုင်နှုန်းလောက် ပျောက်ဆင်းသွားပြီ။”

တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကတဆင့် စိုက်ပျိုးရေးနဲ့ ရေထွက်ကုန်တွေကို မြန်မာဘက်က အဓိက တင်ပို့ပါတယ်။ အခုတင်ပို့မှုတွေ ရပ်နေတဲ့အတွက် ဖရဲ၊ သခွား၊ နာနတ်၊ သရက်၊ ငါးပုစွန်နဲ့ ပင်လယ်စာတင်ပို့တဲ့ လုပ်ငန်းရှင်တွေ၊ စိုက်ပျိုးတဲ့ တောင်သူတွေက ဒီသက်ရောက်မှုကို အဓိက ခံစားနေကြရပါတယ်။

စစ်ကိုင်းတိုင်းက ဖရဲ၊ သခွားမွှေးစိုက်တဲ့ တောင်သူတွေကတော့ အရင်နှစ်တွေက တရုတ်ဈေးကွက်အတွက် ရည်ရွယ်ပြီး စိုက်ပျိုးကြပေမဲ့ အခုနှစ်တော့ စိုက်ဧကကို ထက်ဝက်လျှော့ချလိုက်ပြီး ပြည်တွင်းဈေးကွက်အတွက်ပဲ ဦးတည်စိုက်တော့တယ်လို့ ပြောပါတယ်။ နိုင်ငံရေးအခြေအနေနဲ့ နယ်စပ်ကုန်သွယ်ရေးတွေ ပြန်ကောင်းမှပဲ ပြည်ပပို့ဖို့ ပြန်စိုက်ပျိုးတော့မယ်လို့ တောင်သူဦးတင်သန်းက ဗွီအိုအေကို ပြောပါတယ်။

“ဒီနှစ်မှာ သိပ်ပြီးတော့ အဲဒီဘက် (တရုတ်) လိုင်းကို မလုပ်ကြတော့ဘူး။ အခုပြည်တွင်းတွေပဲ ပြန်စိုက်နေကြတယ်။ ပြည်တွင်းလည်းစားတယ် စားတာတော့၊ ပြည်ပကုန်မဟုတ်တော့။ ကုန်ကတော့ ဖြုန်းနိုင်တယ် ဒါပေမဲ့ ဈေးကွက်ကျတော့ ဒီနိုင်ငံရေး အခြေအနေနဲ့ဆိုတော့ ပိုဆိုးကုန်တာပေါ့၊ ဈေးကွက်က မကောင်းတာလေ ဒီနှစ်။”

မူဆယ်မြို့မှာ လူ ၁၀၀၀ ကုသနိုင်တဲ့ ကိုဗစ်စင်တာကို တရုတ်- မြန်မာနှစ်ဘက် ကုန်သည်တွေနဲ့ တာဝန်ရှိသူတွေပူးပေါင်းပြီး တည်ဆောက်နေတာ ပြီးလုနီးပါးရှိပါပြီ။ ဒီစင်တာပြီးရင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကို ၁၀၅ မိုင်ကနေ အနည်းငယ်လှမ်းတဲ့ ကျင်စန်းကျော့ဂိတ်ကို စက်တင်ဘာ ၁၅ ရက်မှာ စပြီးဖွင့်လှစ်သွားမယ်လို့ သတင်းထွက်နေပေမဲ့ နှစ်ဘက်ညှိနှိုင်းမှုတွေ မပြီးပြတ်သေးဘူးလို့ ကုန်သည်တွေက ပြောပါတယ်။

နယ်စပ်ဂိတ်ကို နိုဝင်ဘာလထဲမှာ ပြန်ပြီးဖွင့်နိုင်ဖို့အတွက်လည်း တရုတ်ဘက်က ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းတွေလည်း ဒီရက်ပိုင်းထွက်ပေါ်နေပါတယ်။

ဒီနေ့ စစ်ကောင်စီထုတ် သတင်းစာထဲမှာတော့ ကျင်စန်းကျော့ဂိတ်ကနေ ၂ နိုင်ငံကုန်စည်စီးစင်းမှု ပုံမှန်ဖြစ်နိုင်ခြေမရှိသေးဘူးလို့ သတင်းဖော်ပြထားပါတယ်။ ကုန်သွယ်ရေးဇုန်ကို အမှီပြု ဝင်ငွေရှာနေသူအားလုံး ၂ နိုင်ငံ ကုန်သွယ်ရေးပုံမှန်ပြန်ဖြစ်အောင် မေ ျှာ်လင့်နေကြတယ်လို့ သတင်းထဲမှာ ဖော်ပြထားပါတယ်။

 

VOA

Read times
Rate this item
(0 votes)