Chinese



တရုတ်နိုင်ငံ၏ ပထမဆုံးပြည်တွင်းဖြစ် မျိုးကွဲ ဟိုင်နန်ဒူရင်း ရောင်းအားကောင်းဖို့ မျှော်မှန်း

တရုတ်နိုင်ငံ၏ ပထမဆုံးပြည်တွင်းဖြစ် မျိုးကွဲ ဟိုင်နန်ဒူရင်း ရောင်းအားကောင်းဖို့ မျှော်မှန်း

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

ဟိုင်နန် Youqi စိုက်ပျိုးရေးကုမ္ပဏီမှ ဝန်ထမ်း Ma Yuzhong သည် ဟိုင်နန်ပြည်နယ် Yucai ဂေဟဗေဒဇုန်ရှိ ကုမ္ပဏီ၏ စိုက်ခင်းတွင် အပင်မှ ပြုတ်ကျလာသော ဒူးရင်းမှည့်ကို ခွဲခြမ်းဖွင့်ကာ တစ်မွှာကို မြည်းလိုက်ပြီးနောက် "ဝိုး၊ ကောင်းလိုက်တဲ့ အရသာ"  ဟု အသံကျယ်ကျယ်ဖြင့် အာမေဋိတ်ပြုသည်။

 

ပြောင်လက်တောက်ပသော အဝါရောင်ပျော့ဖတ် ဒူရင်းအမွှာသည် တရုတ်နိုင်ငံ၏ ပထမဆုံးပြည်တွင်းဖြစ် မျိုးကွဲဖြစ်သော Sanya ဒူးရင်းပင်မှ ရရှိသည့် ဒူရင်းသီးထံမှ အမွှာတစ်ခု ဖြစ်သည်။ Sanya ဒူရင်းသီး အရသာသည်  အရှေ့တောင်အာရှနိုင်ငံများမှ ဒူရင်းသီးများနှင့် အရသာ အနည်းငယ်ကွဲပြားသည်။ အသားလည်း ကွာခြားသည်။ အစေ့မှာ တွယ်ကပ်နေခြင်း မရှိချေ။ အခွံမှာလည်း တွယ်ကပ်ခြင်း မရှိချေ။ စားသည့်လက်တွင်လည်း ကပ်တွယ်နေခြင်း မရှိချေ။ လတ်ဆတ်သော မွှေးရနံ့မှာ မပြင်းချေ။ စိမ်းဝါရောင် အဆင်းရှိသည်။ အသားထူသည်။ ပျဉ်းတွဲတွဲ အနည်းငယ် ဖြစ်နေသော်လည်း နူးညံ့သည်။

 

"စံယာဒူးရင်းသီးမှာ ပျမ်းမျှသကြားပမာဏ ၃၈ ဂရမ်ထက် ကျော်လွန်ပါတယ်။ လိုင်ချီးထက် နှစ်ဆ ပိုချိုပါတယ်" ဟု ကုမ္ပဏီ၏ အထွေထွေမန်နေဂျာနှင့် Hainan Durian Association ဥက္ကဋ္ဌ Du Baizhong က ပြောကြားသည်။

 

မမှည့်သေးခင်မှာ ခူးဆွတ်ပြီး သယ်ယူစဉ် မှည့်သည့် ဒူးရင်းသီးတစ်လုံးလျှင် သကြား ၂၅ ဂရမ်မှ ၃၀ ဂရမ်အထိ ပါရှိတတ်သည်။

 

စံယာ ဒူးရင်းထုတ်လုပ်မှု၏ အကြီးမားဆုံးအားသာချက်မှာ အခြားစီးပွားဖြစ်မျိုးကွဲများနှင့်မတူဘဲ အပင်ပေါ်တွင် သဘာဝအတိုင်း မှည့်နေပြီး ၎င်းတို့တွင် ပျော့ဖတ်အသားထူသည်ဟု Du က မှတ်ချက်ပြုသည်။

 

“မှည့်တဲ့ဖြစ်စဉ်ကို အရှိန်မြှင့်ဖို့အတွက် ဘာဆေးမှ ဘာနည်းလမ်းမှ ကျွန်တော်တို့ မသုံးဘူး။ အပင်ပေါ်မှာ သဘာဝအတိုင်း မှည့်ပြီး မြေပြင်ပေါ်ကို ပြုတ်တာကို ကောက်ယူပါတယ်" ဟု ၎င်းက ပြောပြသည်။

 

“ဒူးရင်းသီးတွေ ရင့်လာတဲ့အခါ အတွင်းကနေ အပြင်အထိ ရင့်မှည့်သွားစေတဲ့ အီသိုင်လင်း ethylene ကို ထုတ်လွှတ်တဲ့အတွက် သူ့ရဲ့အသားက စေးကပ်မှု မရှိသလို အနံ့လည်း သိပ်မပြင်း‌ဘူး" ဟု သူက ရှင်းပြသည်။

 

Wenji Durian အမှတ်တံဆိပ်ကို တည်ထောင်သူ Wen Chao သည် ဇူလိုင် ၂၅ ရက်က Sanya ဒူးရင်းငါးလုံးကို မြည်းစမ်းခဲ့သည်။ ၎င်းငါးမျိုးတွင် နှစ်ခုသည် ၎င်းမျှော်လင့်ချက်ထားသည်ထက် ကျော်လွန်သွားသည်ဟု ဆိုသည်။

 

"အပင်က သက်တမ်း ၃ နှစ်ပဲ ရှိသေးတယ်။ အသီးက အရှေ့တောင်အာရှသာမက ကမ္ဘာ့အဆင့် ရှိတယ်"ဟု သူက ပြောသည်။

စံယာဒူရင်း တရုတ်ပြည်တွင်း ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချသည့်အခါ ပြည်ပမှ တင်သွင်းသည့် ဒူရင်းသီးများနည်းတူ ရောင်းအား ကောင်းဖို့ မျှော်မှန်းထားသည်။

ဟိုင်နန် စိုက်ပျိုးရေးသိပ္ပံ အကယ်ဒမီ Hainan Academy of Agricultural Sciences မှ အပူပိုင်းဒေသ အသီးပင်ဆိုင်ရာ သုတေသနဌာနမှ ဒါရိုက်တာ Feng Xuejie က ဟိုင်နန်သည် ၁၉၅၈ ခုနှစ်တွင် မလေးရှားနိုင်ငံမှ ဒူးရင်းပင်များကို စတင် စိုက်ပျိုးခဲ့သည်ဟု ပြောကြားသည်။

သို့သော် မစီမံတတ်သဖြင့် အသီး တစ်လုံးသာ သီးသည်။ သို့ဖြစ်ရာ ဟိုင်နန်သည် ဒူရင်းစိုက်ဖို့ မသင့်တော်ဟု ယူဆကြသည်။

 

၂၀၁၅ ခုနှစ်တွင် ဒူးရင်းပင် ၄၄ ပင်ကို Baoting Li နှင့် Miao ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်တွင် သစ်တောပြုန်းတီးမှု ကာကွယ်ရန် အပင်ပြန်စိုက်ပေးသည့် အစီအစဉ်အရ စိုက်ပျိုးခဲ့ကြသည်။

၂၀၁၉ ခုနှစ်တွင် အောင်မြင်စွာ အသီးများ သီးခဲ့သည်။ သို့ဖြစ်ရာ Hainan Youqi Agricultural Company သည် ဒူရင်းခြံ စိုက်ပျိုးဖို့ စိတ်ကူးရရှိပြီး အကောင်အထည်ဖော်ခဲ့သည်။ ဟိုင်နန်ကျွန်းပေါ်မှ Sanya၊ Baoting နှင့် Ledong ခရိုင်တို့တွင် ဒူရင်း စိုက်ပျိုးခဲ့သည်။

 

ဟိုင်နန်ကျွန်း၏ နေရောင်ခြည် ကြွယ်ဝမှုသည် ဒူရင်း စိုက်ပျိုးရန်အတွက် အားသာချက် တခု ဖြစ်သည်။ 

သို့သော် ပြည်နယ်၏ အကြီးဆုံး ဒူးရင်းစိုက်ဧရိယာဖြစ်သော Sanya တွင် ဇူလိုင်လမှ စက်တင်ဘာလအတွင်းတွင်သာ အဓိကအားဖြင့် မိုးရွာသွန်းသည်။ သို့ဖြစ်ရာ ကျန်သည့်လများတွင် ဒူရင်းပင်များ စနစ်တကျ ရေရရှိရန် ဆောင်ရွက်ပေးကြသည်။

၎င်းပြဿနာကို ဖြေရှင်းရန် ကုမ္ပဏီက ရေစုကန်တစ်ခု တည်ဆောက်သည်။ ‌ကန်မှ ရေများကို ဒူရင်းပင်များဆီသို့ ရောက်ရှိရန် ရေပေးဝေသည့် စနစ်တစ်ခု တည်ဆောက်သည်။ ထို့ပြင် စင်စာ sensor များ ထားရှိပြီး ဒူရင်းပင် ကြီးထွားမှုကို မျက်ခြည်မပြတ် စောင့်ကြည့်သည်။

 

“ကျွန်တော်တို့က စမတ်စိုက်ပျိုးရေး သုံးစွဲပါတယ်။ ဓာတ်မြေဩဇာနဲ့ ရေကို အလိုအလျောက်စနစ်နဲ့ ကျွေးပါတယ်။ ကျွန်တော်တို့ ခေတ်ပေါ် မိုက်ခရိုစပရေးစနစ်ဖြင့် ပက်ဖျန်းပါတယ်။ ရေလိုအပ်နေပြီဆိုရင် စနစ်က သိတယ်။ ဒူရင်းပင်တွေကို စနစ်က အချိန်ကိုက် ရေပေးဝေပါတယ်" ဟု ကုမ္ပဏီ၏ လက်ထောက်အထွေထွေမန်နေဂျာ Lang Haibo က ပြောသည်။

 

Du က "ဒူရင်းပင်တွေအတွက် ဓာတ်မြေဩဇာကို ကျွန်တော်တို့ ကိုယ်တိုင် အော်ဂဲနစ် မြေဩဇာ ထုတ်လုပ်ပါတယ်။ ပရိုတင်းဓာတ်ဖြစ်အောင် အချဉ်ဖောက်ထားတဲ့ ဒေသထွက်ငါးတွေကို ပဲ ပရိုတင်းမြေဩဇာနဲ့ တွဲသုံးပါတယ်" ဟု ပြောသည်။

 

 Du ၏ ကုမ္ပဏီ Hainan Youqi Agricultural Company သည် ဟိုင်နန်တွင် ဒူးရင်း အများဆုံး စိုက်ပျိုးသည့် လုပ်ငန်း ဖြစ်သည်။

 

စံယာတွင် ဒူးရင်းခြံ ၄၆၆ ဟက်တာကျော် စိုက်ပျိုးထားသည်။

ဇူလိုင်လတွင် ၈၆.၇ ဟက်တာခန့်မှ အပင်များမှာအသီးများ စသီးသည်။ ယခုအခါ အသီးများ ရင့်မှည့်ကြပြီ ဖြစ်သည်။ စုစုပေါင်း အထွက်နှုန်း မက်ထရစ်တန် ၄၀ ကျော် ရရှိမည်ဟု မျှော်မှန်းထားသည်။

ကုမ္ပဏီသည် ယခုနှစ်အတွင်း ရရှိသည့် ဒူးရင်း ပထမအသုတ်ကို ဈေးကွက်သို့ မတင်ရသေးသော်လည်း ဒူးရင်းအရသာကို မြည်းစမ်းကြည့်စေခဲ့သည်။

 

ဒူးရင်းသည် တရုတ်နိုင်ငံ၏ တင်သွင်းမှု အများဆုံးဖြစ်သော အသီးများထဲမှ တစ်ခုဖြစ်သည်။

 

"လာမည့်နှစ်မှာ ဒူးရင်းချစ်သူများ ပေကျင်း၊ ရှန်ဟိုင်းလို  မြို့ကြီးတွေမှာ စံယာဒူရင်း ဝယ်စားနိုင်ပါပြီ။ ကွမ်တုန်းပြည်နယ်၊ ကွေ့ကျိုးပြည်နယ်တွေမှာလည်း စံယာဒူရင်း ရမှာပါ" ဟု Du က ပြောကြားသည်။

 

ကုမ္ပဏီသည် အသီး၏ သဘာဝအရသာကို ထိန်းချုပ်ရန် အအေးပေး ပေးပို့သည့် ကွင်းဆက်တစ်ခုကို ထူထောင်နေသည်။ အရည်အသွေး အဆင့်သတ်မှတ်သည့်စနစ်လည်း ပါဝင်သည်။ သို့ဖြစ်ရာ တရုတ်နိုင်ငံ၏ အခြားဒေသများရှိ စားသုံးသူများသည် လာမည့်နှစ်တွင် Sanya ဒူးရင်း၏ လတ်ဆတ်သော မူရင်းအရသာမပျက် စားသုံးနိုင်ကြမည် ဖြစ်သည်။

Source China Daily


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Tuesday, 05 September 2023 19:05
Rate this item
(0 votes)