Myanmar
ဝက်နံရိုးနဲ့ ပိန္နဲသီးချက်
ဝက်နံရိုးကို မျှစ်ချဉ်နဲ့ ချက်စားလျှင် ထမင်းမြိန်စေပါမယ်။ ယခုလည်း ၀က်နံရိုးကို ပိန္နဲသီးနဲ့ တောစတိုင်ချက်ထားတာလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ၀က်နံရိုး၊ ပိန္နဲသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအကြမ်းမှုန့်၊ နနွင်းမှုန့်၊ ငရုတ်ကောင်းစေ့၊ ကြက်သားမှုန့်၊ ဆား၊ ဆီတို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ၀က်နံရိုးကို ရေဆေးသန့်စင်ပြီး စိတ်ကြိုက်ပုံစံရအောင်လှီးဖြတ်ထားပါ။
ပြီးလျှင် ပိန္နဲသီးကို အခွံခွာပြီး အနေတော် အရွယ်အတုံးကလေးများဖြစ်အောင် တုံးထားပါ။
ပြီးနောက် ငရုတ်ကောင်းစေ့၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ ငရုတ်သီးအကြမ်းမှုန့်တို့ကို ရောပြီး ကျေညက်အောင်ထောင်းပေးထားပါ။
အားလုံးအဆင်သင့်ဖြစ်လျှင် အိုးတစ်လုံးတွင် ထည့်ပြီးနယ်ပါ။ ပြီးရင်တော့ မီးဖိုပေါ်တင်ပြီး ၀က်နံရိုးနဲ့ ပိန္နဲသီးကို လုံးချက်ချက်ပါ။
ဆီပြန်လာလျှင် ရေနွေးမြုပ်အောင်ထည့်ပြီး ချက်ထားပါ။ ဆူလာလျှင် ကြက်သားမှုန့်၊ ဆားထည့်ပြီး ပိန္နဲသီးနူးသည်အထိချက်ပါ။
ပြီးရင် အရသာအပေါ့အငန်မြည်းကြည့်ပါ။ ၀က်နံရိုးကျက်ပြီဆိုရင်တော့ မီးဖိုပေါ်မှ ချလိုက်ပါ။
နောက်ဆုံးတွင် ၀က်နံရိုးနဲ့ ပိန္နဲသီးချက်ကို ထမင်းပူပူလေးနှင့် မြိန်ယှက်စွာသုံးဆောင်နိုင်ပါတယ်။