Myanmar
ပင်လယ်စာကြိုက်နှစ်သက်သူများအတွက် ဂုံးချဉ်စပ်
ပင်လယ်စာကြိုက်နှစ်သက်သူများအတွက် ဆိုင်တွင် သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း လွယ်လင့်တကူ ပြုလုပ်နိုင်ပြီး ချက်ရတာလည်းမြန် စားလို့ကောင်းတဲ့အတွက် ဂုံးချဉ်စပ် ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ဂုံး၊ ငရုတ်သီးအရောင်တင်မှုန့်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီးဆော့စ်၊ ခရမ်းချဉ်သီး၊ ဆား၊ ငံပြာရည်၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ဂုံးများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ။ ပြီးလျှင် ဟင်းချက်ရန် လိုအပ်သော ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို လှီးဖြတ်ထားပါ။
ပြီးနောက် ဒယ်အိုးကို မီးဖိုပေါ်တင် ဆီထည့်လိုက်ပါ။ ဆီပူလာတာနဲ့ လှီးထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးအရောင်တင်မှုန့်၊ ငရုတ်သီးသီးစိမ်းတို့ကို ထည့်ပြီး ဆီသတ်ပေးပါ။
ဆီသတ်နံ့မွှေးလာတာနဲ့ ခရမ်းချဉ်သီးများကို ထည့်ပြီးဆီသတ်ပေးပါ။ ခရမ်းချဉ်သီးများ နွမ်းလာတာနဲ့ ရေစစ်ထားသော ဂုံးများနဲ့ ဆား၊ ငံပြာရည်နှင့် ဟင်းခတ်မှုန့်တို့ကို ထည့်မွှေပေးပါ။
ပြီးတာနဲ့ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ။ ဂုံးများကျက်လာတာနဲ့ အရသာမြည်းကာ လိုသလို ပြင်ပေးပြီး ရေမခမ်းခင် မီးဖိုပေါ်မှချလိုက်ပါ။
ပြီးရင်တော့ အနံ့အရသာနှင့် ပြည့်စုံသော ခရမ်းချဉ်သီးဆော့စ်လေးနှင့် ဂုံးချဉ်စပ်လေးကို မြိန်ယှက်စွာ တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။