Food & Livestock



မြန်မာ့ပြောင်းများ တင်ပို့ရန် တရုတ်၊ ထိုင်း၊ ဗီယက်နမ်မှ ကုမ္ပဏီ (၇) ခုနှင့် ပူးပေါင်း ဆောင်ရွက်မည်

မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း (MCIA) နှင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ကုမ္ပဏီများနှင့် ပြောင်းဝယ်ယူ ရောင်းချခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း ပြည်တွင်းကုန်သွယ်မှုဌာနခွဲမှ သိရသည်။

 

အဆိုပါ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၂) ရက်၊ အင်္ဂါနေ့က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 

မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်ပြီး ကုန်သွယ်မှု မြှင့်တင်ရေးအတွက် ယခုကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းအချင်းချင်း B to B စနစ်ဖြင့် တရုတ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ မြန်မာ့ပြောင်း တင်ပို့နိုင်ရန်  မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းအနေဖြင့် ဦးဆောင် စုစည်း ဆောင်ရွက်နိုင်ခြင်းအတွက် ဝမ်းမြောက် ဂုဏ်ယူရကြောင်း ပြောသည်။ 

 

တရုတ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများအနေဖြင့် ပြောင်းဝယ်လိုအားများပြီး ယခုကဲ့သို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်တည်ငြိမ်မှုနှင့် ကုန်သွယ်မှုပမာဏ တိုးတက်လာမည် ဖြစ်ကာ အမှန်တကယ် အောင်မြင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ အကောင်အထည်ဖော်ကြရန်လည်း ပြောကြားခဲ့သည်။

 

Advertisement

Click Here > AM Trading

 

မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဥက္ကဋ္ဌ၏ ပြောဆိုချက်အရ မြန်မာနိုင်ငံတွင် ပြောင်းစိုက်ဧက (၂) သန်းကျော် ရှိပြီး တန်ချိန် (၃) သန်းကျော် ထွက်ရှိကာ ပြည်တွင်းသုံးစွဲမှုအနေဖြင့် တန်ချိန် (၁) သန်းခန့် ရှိပြီး နှစ်စဉ်ပြည်ပသို့ တန်ချိန် (၂) သန်းကျော် တင်ပို့လျက် ရှိကြောင်း သိရသည်။ 

 

တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများသို့ ယခုကဲ့သို့ ပြောင်းဝယ်ယူ ရောင်းချရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် နိုင်ငံတော်အတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း (၆၀၀) ကျော် ဝင်ငွေရှာဖွေပေးနိုင်မည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

 

ထိုသို့ တင်ပို့နိုင်ခြင်းဖြင့် ပုံမှန်ဈေးကွက် ဖြစ်လာသကဲ့သို့ ပွင့်လင်းမြင်သာမှု ရှိပြီး လုပ်ငန်းရှင်များအတွက် နှစ်ဦးနှစ်ဘက် ကျေးဇူးရှိကြောင်း၊ နားလည်မှုစာချွန်လွှာကိုလည်း နှစ်ဘက် ကြိုတင် ပြင်ဆင်ကာ ဆောင်ရွက်သွားမည် ဖြစ်ကာ ရေရှည်တည်တံ့ ခိုင်မြဲအောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောသည်။

 

အဆိုပါပွဲတွင် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းများနှင့်  ပြည်ပကုမ္ပဏီ (၇) ခုတို့က ပြောင်းဝယ်ယူ ရောင်းချရန် နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ကြပြီး တက်ရောက်လာသူများက အထွေထွေ ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။  

Read times
Rate this item
(0 votes)