Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပိတ်ရက်မှာ ခေါပြင်လေးအိမ်မှာလုပ်စားရအောင်

 

ပိတ်ရက် မိသားစုဆုံတုန်းလေး ခေါပြင်မုန့်လေး လုပ်စားရအောင်လို့ အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။ အစိမ့် နှစ်သက်သူတွေ အကြိုက်တွေ့မဲ့ မြန်မာမုန့်ပဲသရည်စာ တစ်မျိုးဖြစ်ပါတယ်။


ပါဝင်ပစ္စည်းတွေကတော့ ကောက်ညှင်းမှုန့်၊ ဆား၊ ဆီ၊ အုန်းသီးစိတ်၊ နှမ်းလှော်၊ မြေပဲလှော် တို့ လိုအပ်ပါမယ်။



ပထမဦးဆုံး နှမ်းကို လှော်ထားပါ။ မြေပဲမလှော်ရသေးရင်လည်း အခွံချွတ်ပြီး မညက်တညက်ထောင်းပေးပါ။

 

အုန်းသီးကို ခွဲပြီး အသားကို ခပ်ပါးပါးလေးဖြစ်အောင် စိတ်ပေးပါ။

 

ကောက်ညှင်းမှုန့်နှင့် ဆားကို ဇလုံတစ်ခုထဲ ရေအနည်းငယ်ထည့်ပေးပြီး ကောက်ညှင်းအိလာတဲ့အထိ နယ်ထားပေးပါ။

 

ပြီးလျှင် ရေကို ချင့်ချိန်ပြီး အနည်းငယ်ထည့်ပေးပါ။ ပြီးနောက် ကောက်ညှင်းသားရအောင် ငါးမိနစ်ကျော် နှဲပေးပါ။

 

ပြီးနောက် အဆင်ပြေမယ့် ပန်းကန်ပြားသို့မဟုတ် စဥ့်နီတုံးပေါ်မှာတင်ပြီး ခပ်ထူထူလေးပြားပေးထားပါ။

 

ပြီးလျှင် အိုးတစ်လုံးထဲမှာ ရေနွေးကို ပွက်ပွက်ဆူအောင် တည်ထားပါ။

 

ရေပွက်ပွက်ဆူပြီဆိုတာနဲ့ ပြားထားသော မုန့်များကို ထည့်လိုက်ပါ။ မုန့်က ရေပေါ်ကိုပေါ်လာမှ ငါးမိနစ်ခန့်ထားကာ ကျန်တစ်ဖက်ကို လှန်ပေးထားပါ။ မုန့်သားပျော့နေမှလှန်ပါ။ မပျော့ဘဲသွားလှန်ပါက အလယ်မှ ထက်ခြမ်းကွဲသွားတတ်ပါတယ်။

 

မုန့်သားနောက်တစ်ဖက်သို့လှန်လို့ရပြီဆိုရင်တော့ လှန်ပေးပြီး နောက်ထပ် ငါးမိနစ်ခန့် ပွက်ပွက်ဆူသောရေတွင် ထားပါ။ မုန့်သားအထူအပါးပေါ်မူတည်ပြီး ပြုတ်နိုင်ပါတယ်။

 

မုန့်သားအရောင်ကြည်လာပြီး ရေပေါ် ပေါ်လာပြီဆိုရင်တော့ မုန့်သားကို ယောင်းမနှင့် ဖိကြည့်ပါ။ မာနေသေးရင်ပျော့တဲ့အထိ ထားပြီးမှ ဆယ်ပေးထားပါ။

 

ဆယ်ပြီးရင် ဆီသုတ်ထားတဲ့ ပန်းကန်ပြားပေါ်တင်လိုက်ပါ။ မုန့်သားပူနေတုန်းမှာ နှမ်း၊ အုန်းသီး၊ မြေပဲ တို့ကို အပေါ်မှ ဖြူးလိုက်ပါ။

 

ပြီးရင်တော့ ဒလိမ့်တုန်းနဲ့ ခပ်ဖွဖွလှိမ့်ပေးပြီး မြေပဲ၊ နှမ်း၊ အုန်းသီးစိတ်များကို ထပ်ထည့်လိုက် လှိမ့်လိုက် လုပ်ပေးထားပါ။

 

ဒလိမ့်တုန်းလှိမ့်နေတဲ့အတွက် မုန့်သားလဲ အနေတော် ပြားလာပါလိမ့်မယ်။ အစာများ မုန့်သားထဲဝင်သွားပြီဆိုရင်တော့ ခေါပြင်မုန့်ကို ဆီသုတ်ထားတဲ့ ကတ်ကြေးနှင့် မိမိစိတ်ကြိုက်ညှပ်ပြီး သုံးဆောင်နိုင်ပါတယ်။

 

Read 2553 times
Rate this item
(1 Vote)