Myanmar
ကြက်သောက်ဆမ်း
ယနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် အရည်သောက်လေးနှင့်
ထမင်းမြိန်စေမည့် ကြက်သောက်ဆမ်း ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ကြက်သား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ရှောက်သီး၊ ရခိုင်ငါးပိစိမ်းစား၊ နနွင်းမှုန့်၊ ဆီ၊ ငရုတ်သီးစိမ်း၊ ငံပြာရည်၊ ငရုတ်ကောင်း၊ ဟင်းခတ်မှုန့်နှင့် ဆားလို့ လိုအပ်ပါမယ်။
ပထမဆုံး ကြက်သားကို အနေတော်အတုံးလေးများတုံးကာ ရေဆေးသန့်စင်၍ ဒန်အိုးထဲထည့်ပြီး ဟင်းခတ်မှုန့်၊ ဆား၊နနွင်းမှုန့်၊ ငံပြာရည် နှင့် ရှောက်သီး အရည်ညှစ်ပြီး ရောနယ်ပေးပါ။
ထို့နောက် ရခိုင်ငါးပိစိမ်းစား အနည်းငယ်ထည့်ပါ။ ကြက်သွန်အဖြူ၊ ကြက်သွန်နီ တို့ကို အခွံနွှာပြီး ရောထောင်း၍ ကြက်သားထဲထည့်ပါ။
၎င်းနောက် အစပ်အရသာပေါ်လွင်ပြီး သောက်လို့ကောင်းအောင် ငရုတ်သီးစိမ်းကို ၂ခြမ်းခြမ်းထည့်ပြီးတော့ နယ်ပါ။ ပြီးလျှင် ဆီအနည်းငယ်ထည့်ပါ။ ပြီးနောက် ရေထည့်ပြီး ဆူအောင်တည်ထားပေးပါ။
ရေဆူပြီး ကြက်သားနူးပြီဆိုရင် အရသာအပေါ့အငန်မြည်းကြည့်ပြီး လိုအပ်တာများထည့်ပါ။ ဟင်းအိုးချခါနီး ရင်တော့ ငရုတ်ကောင်းမှုန့်အနည်းငယ် ထည့်ပြီးလျှ င် ထမင်းပူပူလေးနှင့် ကြက်သောက်ဆမ်းကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။