Myanmar
နာနတ်သီးဖျော်ရည်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင်လွယ်လင့်တကူပြုလုပ်နိုင်တဲ့
နာနတ်သီးဖျော်ရည်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ နာနတ်သီး၊ သကြား၊ ဆား၊ ရေသန့်၊ ရေခဲ တို့ လိုအပ်ပါမယ်။
နာနတ်သီးအလုံးလိုက်ရေဆေးပြီး ထိပ်ပိုင်းဖြတ်၍ အခွံခွာပြီး မျက်စိများကို လှီးထုတ်ပစ်လိုက်ပါ။
နာနတ်သီးကို အထူ ၃ လက်မ သို့မဟုတ် ၄ လက်မအရွယ်များ လှီးဖြတ်၍ အလယ်အူတိုင်ထုတ်ပစ်ပါ။
နာနတ်သီးစိပ်ကို ထက်ဝက်ခြမ်းကာ အတုံးကလေးများစိပ်၍ နုပ်နုပ်စဉ်းပါ။ နာနတ်သီးဖတ်များကို ဖျော်ရည် မွှေစက်ထဲထည့်၍ ရေသန့်အနည်းငယ်ထည့်ပြီး မွှေလိုက်ပါ။
ရလာသည့် နာနတ်ရည်နှင့် နာနတ်သီးဖတ်များကို ဇကာဖြင့် အရည်စစ်ယူပါ။
ပြီးလျှင် သကြားကို အိုးထဲထည့်ပြီး ရေနွေးဆူပွက်သည့်အထဲလောင်းထည့်၍ သကြားပျော်သည်အထိ မွှေပြီး အအေးခံထားပါ။
ပြီးနောက် အရည်စစ်ယူထားသည့် နာနတ်ရည်ထဲသို့ ရေထည့်၍ သကြားရည်နှင့် ဆားထည့်၍ မွှေပေးပါ။
ပြီးလျှင်တော့ ဖန်ခွက်ကြီးထဲသို့ နာနတ်ဖျော်ရည်ထည့်ပြီး ရေခဲတုံးလေးများထည့်၍ မွှေပြီးလျှင်တော့ အရသာကောင်းတဲ့ နာနတ်သီးဖျော်ရည်လေးကို သောက်သုံးနိုင်ပါပြီ။



