Myanmar
ဝက်နံရိုးဟင်း အစပ်ချက်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ၀က်သားချည်းစားရတာ ငြီးငွေ့နေသူများအတွက်
ဝက်နံရိုးဟင်း အစပ်ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ၀က်နံရိုး၊ ဆား၊ ဆီ၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအစိမ်းမှုန့်၊ ချင်း၊ မဆလာတို့ လိုအပ်ပါမယ်။
ပထမဆုံး ၀က်နံရိုးကို အရွယ်တော်အတုံးကလေးများဖြစ်အောင် တုံးထားပေးပါ။ ပြီးလျှင် ဆား၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်တို့နှင့် နယ်ထားပါ။
ပြီးနောက် ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို အခွံခွာပြီး မညက်တညက်ထောင်းထားပါ။
ပြီးလျှင် ဒယ်အိုးကို မီးဖိုပေါ်တင် ဆီထည့်ပါ။ ဆီပူလာပါက နနွင်းမှုန့်အနည်းငယ်ထည့်ပြီး မညက်တညက်ထောင်း ထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ထည့်ပြီး ဆီသတ်ပေးပါ။
ပြီးလျှင် ငရုတ်သီးအစိမ်းမှုန့်နှင့် ထောင်းထားတဲ့ချင်းကိုထည့်ပြီး အနံ့မွှေးလာအောင်ဆီသတ်ပေးပါ။
ငရုတ်သီးနံ့မွှေးလာတာနဲ့ အရသာနယ်ထားသော ၀က်နံရိုးကိုထဲ့မွှေပြီးဆီသတ်ပေးပါ။ ဆီသတ်နေစဉ် အိုးမကပ်စေရန် မွှေပေးရပါမယ်။
ဆီသတ်နံ့မွှေးလာပြီး အရိုးမှာကပ်နေသော အသားများမာလာပါက ရေမြုပ်အောင်ထည့်ပြီး နှစ်ရည်ခမ်းအောင် တည်ထားပေးပါ။
ရေခမ်းပြီးဆီပြန်လာပါက မဆလာအုပ်ကာ အပေါ့အငံ အရသာမြည်းပြီး ၀က်နံရိုးဟင်းမွှေးမွှေး စပ်စပ်လေးကို ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။