Myanmar
မြိတ်ကျွန်းစုထွက် ငါးစျေးနှုန်းများ ပုံမှန်စျေး ရရှိနေ
မြိတ်ကျွန်းစုထွက် ငါးစျေးနှုန်းများ ပုံမှန်စျေး ရရှိနေသော်လည်း အရောင်းအဝယ် ကျဆင်းနေကြောင်း ငါးရောင်းချနေသူများထံမှ သိရှိရသည်။
ကမ်းနီး ရေလုပ်ငန်းများ၊ စျေးငါးလှေငယ်များမှ ရရှိသည့် ငါးပုစွန်များကို ငါးစျေးကွက်အတွင်း တင်ရောင်းရာတွင် ယခုလအတွင်း စျေးပုံမှန် ပြန်လည်ရရှိနေသော်လည်း ဝယ်လိုအားများ ကျဆင်းနေကြောင်း သိရသည်။
“ပြီးခဲ့တဲ့လကဆိုရင် ကိုဗစ်ရောဂါလည်း ပြင်းထန်နေတော့ ငါးစျေးတွေက ကျဆင်းသွားတယ်။ စျေးမှာ လာရောက်ဝယ်တဲ့သူတွေ မရှိသလောက် ဖြစ်သွားတယ်၊ ရွာတွေမှာ သွားရောင်းနေတဲ့ ငါးပုံးဆိုင်ကယ်သမားတွေပဲ ဝယ်ကြတယ်၊ အိမ်တွေ ချက်ပြုတ်ဖို့ လာရောက်ဝယ်တဲ့သူတွေ အတော်လေး နည်းသွားတယ်၊ အခုရက်ပိုင်းမှာတော့ စျေးနည်းနည်း ပြန်ကောင်းလာတယ်။ အရင်က ပုံမှန်စျေးနီးပါး ဖြစ်လာတယ်။ ကုလားဂုတ် တစ်ပိဿာ ကျပ် ၆၀၀၀ ကျော်၊ ကဗြုံး တစ်ပိဿာ ကျပ် ၅၀၀၀ ကျော် ပြန်ရလာတယ်။ တခြားငါးတွေလည်း စျေးပုံမှန်နီးပါး ပြန်ဖြစ်လာတယ်၊ အရောင်းအဝယ်တော့ ကျဆင်းနေတုန်းပဲ ” ဟု အင်းလေးမြိုင်ရှိ ငါးလေလံစျေးတွင် ငါးရောင်းချနေသူတစ်ဦးက ပြောကြားသည်။
ငါးဖမ်းရာသီ ပြန်လည်ဖွင့်လှစ်ပြီး ငါးဖမ်းလှေကြီးများ ပင်လယ်ပြင်သို့ ထွက်ခွာနေသလို ကမ်းနီး ရေလုပ်ငန်းများတွင်လည်း ငါးအထိအမိ ပြန်လည် များပြားလာနေကြောင်း သိရသည်။
“ငါးဖမ်းရာသီ ပြန်စပြီဆိုတော့ ကမ်းဝေး လှေကြီးတွေလည်း ပင်လယ်ပြင်ကို ထွက်နေကြပြီ။ လှေကြီးတစ်စင်း အထွက်စရိတ်က သိန်း ၄၀၀ လောက် ရှိတယ်ဆိုတော့ ငါးစျေးကွက်မှာ စျေးကောင်းရ မရအပေါ်မှာ မူတည်တယ်။ ကိုဗစ်ဖြစ်နေတဲ့အချိန်မှာ ထိုင်းနိုင်ငံက ငါးစျေးကွက်အတွင်းမှာ စျေးနှုန်းကို ၃၀ ရာခိုင်နှုန်းအထိ ဖြုတ်လိုက်တာ ရှိတယ်။ ပြီးခဲ့တဲ့ ငါးဖမ်းရာသီတုန်းက လှေတချို့ စရိတ်တောင်မရဘဲ နားလိုက်ရတာတွေ ရှိတယ်။အခုငါးစျေးကွက်က ပုံမှန်အတိုင်း ဆိုပေမယ့် စောင့်ကြည့်ရဦးမှာပါ” ဟု ရေလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
မြိတ်ကျွန်းစုမှ ထွက်ရှိသည့် ရေထွက်ကုန်များကို ထိုင်းနိုင်ငံ ရနှောင်းမြို့သို့ အဓိက တင်ပို့ပေးနေရပြီး ကမ်းနီး လှေငယ်များမှ ငါးတချို့ကို ထိုင်းစျေးကွက်သို့ တင်ပို့ပေးသလို ပြည်တွင်း ငါးစျေးကွက်တွင်လည်း ပြန်လည် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်ကပ်ရောဂါ အခြေအနေများကြောင့် စားသောက်ဆိုင်များ၊ ဟိုတယ်များမှ ဝယ်လိုအား ကျဆင်းသွားရာ အိမ်သုံးစျေးကွက်ကိုသာ မှီခိုရောင်းချနေရကြောင်း သိရသည်။



