Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


နှစ်ပေါင်း ၃၃ နှစ်အတွင်း စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၄၄၀ ကျော်သာ ခွင့်ပြုထား

နှစ်ပေါင်း ၃၃ နှစ်အတွင်း မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၄၄၀ ကျော်သာခွင့်ပြုထားပြီး

စုစုပေါင်းပမာဏ၏ သုည ဒသမ ၄၉ ရာခိုင်နှုန်းဖြင့် ဒုတိယအနည်းဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၁ ခုနှစ် သြဂုတ်လကုန်အထိ မြန်မာနိုင်ငံအတွင်း စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၁ ဘီလျံကျော်တန်ဖိုးရှိ လုပ်ငန်းပေါင်း ၂၁၂၇ ခုအထိ ခွင့်ပြုထားကြောင်း DICA မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၄၁ ဒသမ ၈၃၈ သန်း တန်ဖိုးရှိ လုပ်ငန်းပေါင်း ၃၉ ခုသာ ခွင့်ပြုထားသည်။

နှစ်ပေါင်း ၃၃ နှစ်အတွင်း မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ခွင့်ပြုထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ စုစုပေါင်း ခွင့်ပြုပေးထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် နှိုင်းယှဉ်ပါက သုည ဒသမ ၄၉ ရာခိုင်နှုန်းသာရှိပြီး ဒုတိယအနည်းဆုံးဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် စွမ်းအင်လုပ်ငန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ သတ္တုတွင်းထွက်လုပ်ငန်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ စက်မှုဇုန်လုပ်ငန်း (Industrial Estate) ၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းစသည့် စီးပွားရေးကဏ္ဍ ၁၂ ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အဓိကခွင့်ပြုပေးလျက်ရှိသည်။

အဆိုပါကဏ္ဍများအနက် အနည်းဆုံး ခွင့်ပြုထားသည့် လုပ်ငန်းကဏ္ဍမှာ ဆောက်လုပ်ရေးကဏ္ဍဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၇ သန်းကျော်သာရှိပြီး စုစုပေါင်းပမာဏ၏ သုည ဒသမ ၀၄ ရာခိုင်နှုန်း သာရှိသည်။


အများဆုံးခွင့်ပြုပေးထားသည့် လုပ်ငန်းကဏ္ဍမှာ စွမ်းအင်ကဏ္ဍဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၆ ဘီလျံနီးပါးရှိပြီး စုစုပေါင်းပမာဏ၏ ၂၈ ရာခိုင်နှုန်းကျော်အထိ ရှိသည်။

ယင်းကာလအတွင်း အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂ ဒသမ ၁၂၂ ဘီလျံတန်ဖိုးရှိ လုပ်ငန်းပေါင်း ၁၂၂ ခုအထိ ခွင့်ပြုပေးထားသည်။

ထို့ကြောင့် နှစ်ပေါင်း ၃၃ နှစ်အတွင်း မြန်မာနိုင်ငံအတွင်း ခွင့်ပြုပေးထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ အထူးစီးပွားရေးဇုန်ဥပဒေအရ ခွင့်ပြုပေးထားမှုအပါဝင် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၃ ဒသမ ၁၈၇ ဘီလျံအထိရှိသည်။

မြန်မာနိုင်ငံအနေဖြင့် ခွင့်ပြုပေးခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏများမှာ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ရှစ်ဘီလျံကျော်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၉ ဒသမ ၅ ဘီလျံခန့်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆ ဒသမ ၆ ဘီလျံကျော်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅ ဒသမ ၇ ဘီလျံကျော်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၄ ဒသမ ၁ ဘီလျံကျော်ဖြင့် အသီးသီးခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ်၊ သြဂုတ်လကုန်အထိ ၁၁ လအတွင်း မြန်မာနိုင်ငံအနေဖြင့် ဒေါ်လာ ၃ ဒသမ ၇၆၇ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၄၅ ခု အထိ ခွင့်ပြုပေးထားသည်။

၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း အမှန်ဝင်ရောက်ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ (Actual Inflow) ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

နှစ်အလိုက် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမှန်ဝင်ရောက်ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏများကို လေ့လာကြည့်ပါက ၂၀၁၄ ခုနှစ်တွင် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံနီးပါး၊ ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၄ ဒသမ ၂ ဘီလျံကျော်၊ ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၃ ဒသမ ၉ ဘီလျံခန့်၊ ၂၀၁၇ ခုနှစ်တွင် ဒေါ်လာ ၄ ဒသမ ၈ ဘီလျံကျော်၊ ၂၀၁၈ ခုနှစ်တွင် ဒေါ်လာ ၁ ဒသမ ၈ ဘီလျံခန့်၊ ၂၀၁၉ ခုနှစ်တွင် ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကျော် စသည်ဖြင့် အသီးသီးဝင်ရောက်ထားကြောင်း DICA မှ သိရသည်။

 

news-eleven.com

 

 

 

Read times
Rate this item
(0 votes)